လီဗာပူးက ဘာကြောင့် ဗက်ဇ်ကို ခေါ်ယူဖို့ အရေးသာသွားသလဲ သူ့ကို ခေါ်နိုင်ဖို့ အဓိက ညိနှိုင်းနေတာ ဘယ်သူလဲ

လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်မှာ ရေရှည်အတွက် ရည်ရွယ်တဲ့ ပလန်တွေရှိထားပြီး အသင်းရဲ့ ရည်မှန်းချက်တွေကို အားဖြည့်ဖို့ရာ အလားအလာကောင်း ကစားသမားမျိုးကို ခေါ်ယူလိုပါတယ်။

ထရန့် ထွက်ခွာသွားမယ့် ညာအစွန်နေရာအတွက် ဘရတ်ဒလေရှိနေပေမယ့် ခြားနားတဲ့ ရွေးချယ်စရာအဖြစ်ကော၊ အာဖရိကဖလားပွဲ သွားကစားရမယ့် မိုဆာလာ နေရာအတွက်ပါ အားဖြည့်နိုင်မယ့် ဖရန်းပေါင်ကို လေဗာကူဆင်ကနေ ခေါ်ယူဖို့ ကြိုးစားနိုင်ခဲ့တယ်။

တချိန်တည်းမှာပဲ ဗက်ဇ်ဟာ သတင်းတွေ ဖော်ပြနေသလိုမျိုး ဘိုင်ယန်မြူးနစ် ဒါမှမဟုတ် မန်စီးတီးကို ရောက်ဖို့ နီးစပ်နေတဲ့ အခြေအနေ မဟုတ်ဘူးဆိုတာကို သိခွင့်ရခဲ့တယ်။ အဲ့ကမှတဆင့် အသင်းဟာ ဗက်ဇ်ကို ခေါ်ယူရေး အခွင့်အရေး ရှိနေကြောင်းလည်း နားလည်ခဲ့တယ်။

လီဗာပူးအသင်းဟာ အပြောင်းအရွှေ့ကိစ္စတွေရဲ့ ပထမခြေလှမ်းဖြစ်တဲ့ ကစားသမားအပေါ် သူတို့ရဲ့ စိတ်ဝင်စားမှုကို ပြသခဲ့ပြီး ချဉ်းကပ်ခွင့်ရှိနိုင်မလား အခြေအနေကို တီးခေါက်ခဲ့ကြပါတယ်။ အကောင်းမြင်စရာ အခြေအနေကို ရှာဖွေနိုင်ခဲ့အပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေဖြင့် တရားဝင် ချိတ်ဆက်မှု စတင်ခဲ့တယ်။

တိုးတက်မှုတွေရှာဖွေနိုင်လို့လည်း ပြီးခဲ့တဲ့အပတ်မှာ လီဗာပူးအသင်းဟာ အက်ဆာထံ ဗက်ဇ်နဲ့ မိသားစုဝင်တွေအား ဖိတ်ကြားခဲ့ပြီး ကလပ်ရဲ့ ရေရှည် vision နဲ့ အာနယ် ဆလော့ရဲ့ နည်းဗျူဟာဆိုင်ရာ presentation တွေကို ချပြခဲ့ပါတယ်။

ဒီနေရာမှာ ဗက်ဇ်က ဘာလို့ လီဗာပူးကို ရွေးလဲဆိုတာက ပြောလို့သိပ်ကောင်းတဲ့ ကိစ္စပါပဲ။ ဗက်ဇ်တို့ လီဗာပူးအသင်းနဲ့ ပတ်သက်လို့ သဘောကျခဲ့တာတွေ အများကြီးရှိသလို အဲ့အကြောင်း အက်ဆေးတပုဒ်တောင် ရေးလို့ရတဲ့အထဲက အရေးပါခဲ့တာ တစ်ခုကို ထိထိမိမိပြောရရင် အာနယ် ဆလော့ကြောင့်ဖြစ်ပါတယ်။

ဒီနေရာမှာ ဂျာမာန်သတင်းတွေရဲ့ အဆိုကို အခြေခံပြီး ဖော်ပြရမယ်ဆိုရင် ဗက်ဇ်ဟာ အာနယ် ဆလော့ရဲ့ အားကစားပိုင်းဆိုင်ရာ ရှင်းလင်းတဲ့ ပလန်တွေကို အတော်လေး အထင်ကြီးခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကလည်း သူတို့ပလန်ကို ချပြပေမယ့် ဂျာမာန်ကလပ်ရဲ့ အားကစားပိုင်း အစီအမံတွေမှာ မေးခွန်းထုတ်စရာတွေ အရမ်းများတယ်လို့ ဗက်ဇ်ကမြင်ပါတယ်။

နောက်ထပ် ဖော်ပြချက်တွေမှာတော့ ဗက်ဇ်ရဲ့ အပြောင်းအရွှေ့ကို အဓိက ကိုင်တွယ်နေတဲ့ ရစ်ချက်ဟုချ်ဟာ ကစားသမားကို လီဗာပူးအသင်းရဲ့ အတွင်းပိုင်းတွေကို ရိုးရိုးရှင်းရှင်း ဖွင့်ဟပြခဲ့ခြင်းပဲဖြစ်ပါတယ်။ ရစ်ချက်ဟုချ်ရဲ့ ကိုင်တွယ်ပုံဟာ ဘိုင်ယန်မြူးနစ်ထက်စာရင် ပိုပြီး လူကြီးလူကောင်းဆန်တယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဂျာမာန်ပြည်တွင်းမှာ အင်အားကြီးတဲ့ သူတို့ရဲ့ ပါဝါကို သုံးပြီး ဗက်ဇ်ကို ဖိအားပေးခဲ့ခြင်းဟာ ကစားသမားကို ခက်ခဲစေတာမျိုး ရှိပါတယ်။ ဒါ့အပြင် လီဗာပူးလေ့ကျင့်ရေးကွင်းနဲ့ ဘိုင်ယန်မြူးနစ်လေ့ကျင့်ရေးကွင်းကြား ခေတ်နဲ့အညီ ဆန်းသစ်စွာရှိပုံခြင်း ကွာခြားမှု၊ နည်းပြ ၂ ဦးကြားက နည်းစနစ်ပလန်တွေ၊ ကလပ်တွေရဲ့ ဆက်ဆံမှုကို သူ့ကို သက်သောင့်သက်သာဖြစ်စေခြင်း ဒါတွေဟာ ဗက်ဇ်ကို ဆုံးဖြတ်ချက်ချဖို့ အရေးပါစေတယ်။

ဗက်ဇ်အတွက် ပိုက်ဆံက အဓိက မဟုတ်ပါဘူး။ လီဗာပူးကော ဘိုင်ယန်မြူးနစ်ပါ ကမ်းလှမ်းမယ့် လုပ်ခတွေဟာ သိပ်မကွာလှပါဘူး။ ဗက်ဇ်ဘက်က ဘိုင်ယန်မြူးနစ်ကို တရားဝင် ငြင်းဆန်ခဲ့ပြီးနောက်မှာ လီဗာပူးနဲ့ ဂျာမာန်ကလပ်ကြား ကလပ်တာဝန်ရှိသူတွေချင်း စကားပြောမှုဟာ စတင်ခဲ့ပြီဖြစ်ကြောင်း Paul Joyce က အတည်ပြုခဲ့တယ်။

အခုချိန်ထိတော့ ဗက်ဇ်ရဲ့ အပြောင်းအရွှေ့က အပြီးသတ်ဖို့ အဝေးကြီးကျန်ပါဦးမယ်။ ဒါကလည်း လေဗာကူဆင်အသင်းနဲ့ ယူရိုသန်းရာချီတဲ့ အပြောင်းအရွှေ့ကိစ္စ ညိနှိုင်းရမှုလို ခက်ခဲနက်နဲတဲ့အပိုင်းတွေ ကျန်ရှိနေလို့ဖြစ်ပါတယ်။ အဲ့ကိစ္စ ထူးခြားလာရင်တော့ အပြောင်းအရွှေ့ကိစ္စဟာ တိုးတက်တဲ့အခြေအနေ ဖြစ်ပေါ်ပြီလို့ သတင်းထွက်လာပါမယ်။

စိတ်ဝင်စားစရာ အချက်က ဗက်ဇ်ကို ခေါ်ယူနိုင်ခဲ့ရင် ဖြစ်လာမယ့် အခင်းအကျင်းပါပဲ။ အာနယ် ဆလော့ဟာ ဆိုဘိုစလိုင်ကို နံပါတ် ၁၀ နေရာမှာ သုံးနေပေမယ့် ဟန်ဂေရီကွင်းလယ်လူဟာ လိုအပ်ချက်တွေရှိနေဆဲဖြစ်ပါတယ်။ ဘောလုံးနဲ့အတူ ဖန်တီးနိုင်စွမ်းမှာ အာနယ် ဆလော့ လိုချင်တဲ့ ကိစ္စတွေ ရှိနေသေးတယ်လို့ The Athletic က ဆိုပါတယ်။ ဗက်ဇ်ကို နံပါတ် ၁၀ နေရာမှာထားဖို့ ရည်ရွယ်နေသလို တိုက်စစ်ရဲ့ false 9 နေရာအတွက်လည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဗက်ဇ်ရဲ့ တန်ကြေးကိုတော့ လေဗာကူဆင်ဘက်က ယူရို သန်း ၁၅၀ (ပေါင် ၁၂၆ သန်း) စျေးသတ်မှတ်ထားပါတယ်။ အဆိုပါ ပြောင်းရွှေ့ကြေးကို မန်စီးတီး မပေးနိုင်သလို ဘိုင်ယန်မြူးနစ်လည်း မပေးနိုင်ပါဘူး။ လီဗာပူးရဲ့ ကနဦး ကမ်းလှမ်းမှုဟာလည်း အဲ့စျေးကို မရောက်နိုင်တာ သေချာပါတယ်။

Paul Joyce ရဲ့ အဆိုအရ လေဗာကူဆင်ဘက်က ပြောင်းရွှေ့ကြေး ပေါင် ၁၂၆ သန်း တောင်းဆိုလိုပေမယ့် အဲ့ထက်နည်းတဲ့ ပမာဏကိုလည်း လက်ခံဖွယ်ရှိတယ်။ လီဗာပူးဘက်ကတော့ ကနဦး ပြောင်းရွှေ့ကြေးကို လျော့ချပြီး ဆုကြေးတွေထည့်သွင်းခြင်း၊ ကစားသမားအလိုက်ထည့်ခြင်းလို့ အပြောင်းအရွှေ့ ကမ်းလှမ်းမှုမျိုးတွေဖြင့် ညိနှိုင်းနေပါတယ်။

ဒီကနေ့နေ့ခင်းမှာပဲ ဂျာမာန်ဘက်က သတင်းတွေမှာတော့ နှစ်သင်း စတင်စကားပြောနေကြပြီဖြစ်ကာ အခြေအနေက မြန်မြန်ဆန်ဆန် ဖြစ်ပေါ်နေကြောင်းနဲ့ ဗက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို သန်း ၁၀၀ အထက်မှာ ရှိနေမှာ သေချာခဲ့ပြီလို့ ဖော်ပြလာနေပါပြီ။

ကနဦး ပြောင်းရွှေ့ကြေး၊ ထပ်တိုးကြေးနဲ့ အလုံးစုံသော ပြောင်းရွှေ့ကြေးဟာ ဘယ်ပမာဏထိ ရောက်မလဲဆိုတာက ရစ်ချက်ဟုချ်တို့ ကြိုးစားရမယ့် အရေးကြီးဆုံးသော အပိုင်းဖြစ်ပြီး အာနယ် ဆလော့က သူလိုချင်တဲ့ ကစားသမားကို စည်းရုံးခဲ့ပြီဖြစ်ကာ ဗက်ဇ်ကိုယ်တိုင်လည်း အသင်းထံ ပြောင်းလာဖို့ မီးစိမ်းပြခဲ့ပြီဖြစ်ပါတယ်။