နွေအသုံးစရိတ် ယူရို သန်း ၃၀၀ ဝန်းကျင်ရှိလာနိုင်တဲ့ အခြေအနေကို လီဗာပူး ဘယ်လိုကျော်ဖြတ်မလဲ

လီဗာပူးအသင်းဟာ ကြီးမားတဲ့ နွေစျေးကွက်တစ်ခုကို ကျော်ဖြတ်ဖို့ ပြင်ဆင်နေပြီဖြစ်ကာ အဲ့အတွက် ကနဦးခြေလှမ်းတွေလည်း စတင်ထားခဲ့ပြီဖြစ်ပါတယ်။

ထရန့်လို အသင်းရဲ့ နာမည်ကျော် ကစားသမားကို ဆုံးရှုံးတဲ့နောက် ဒီနွေစျေးကွက်မှာ ထိပ်တန်း ကစားသမားတွေ ခေါ်ယူဖို့ လိုအပ်တဲ့အပြင် အသင်းမှာ ရေရှည်အနာဂတ် မရှိသူတွေ၊ ပွဲထွက်ခွင့်မပေးနိုင်တဲ့ ကစားသမားတွေကို ရှင်းထုတ်မှုလုပ်ဖို့လည်း လိုအပ်မယ်ဆိုတာ အသင်းတာဝန်ရှိသူတွေ တွက်ဆခဲ့ပြီးဖြစ်ပါတယ်။

အသင်းရဲ့ ပထမဆုံး ကြိုးစားမှုကတော့ ထရန့် ထွက်သွားတဲ့နောက် ဟာကွက်ဖြစ်သွားမယ့် ညာအစွန်နေရာကို ချက်ခြင်းအစားထိုးရေး ဖြစ်ပါတယ်။ သူ့နေရာမှာ ဘရတ်ဒလေရှိပေမယ့် ကြံ့ခိုင်မှုဆိုင်ရာ သံသယတွေကြောင့် ဖရန်းပေါင်ကို ခေါ်ယူအားဖြည့်ခြင်းဖြစ်တယ်။ ဒါပေမယ့် လီဗာပူးမှာ ပိုမို ကျယ်ပြန့်တဲ့ အစီအမံတွေ ရှိနေပါတယ်။

လေဗာကူဆင်ကနေ ပေါင် သန်း ၃၀ ပေးပြီး ခေါ်ယူမယ့် ဖရန်းပေါင်ဟာ လီဗာပူးအသင်းမှာ လိုအပ်လာမယ့် homegrown နေရာကို တိုက်ရိုက်ဖြည့်တင်းနိုင်မယ်၊ အာဖရိကဖလားပွဲအတွက် မိုဆာလာ ထွက်ခွာသွားရင်လည်း ညာတောင်ပံမှာ ချက်ခြင်း အစားဝင်ဖို့ အသုံးပြုနိုင်မယ်၊ နောက်ပြီး ဘရတ်ဒလေနဲ့ ညာအစွန်မှာ ပြိုင်ဆိုင်ခွင့်ရစေပါမယ်။

ဖရန်းပေါင်ကိစ္စ သေချာခဲ့တဲ့နောက် လီဗာပူးအသင်းဟာ ကလပ်ရဲ့ ရည်မှန်းချက်တွေကို ထုတ်ပြနိုင်ရေ လေဗာကူဆင်မှ ဗက်ဇ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမှာဖြစ်ပါတယ်။ ဗက်ဇ်ကို ခေါ်ယူရေး ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့ကို ကျော်ဖြတ်ကာ ပုဂ္ဂိုလ်ရေးအရ စည်းရုံးမှု အောင်မြင်ခြင်းက အသင်းရဲ့ ပလန်တွေကို ကစားသမားဘက်က အထင်ကြီးခဲ့မှုကြောင့်ဖြစ်ပါတယ်။

အသေးစိတ်ကျတဲ့ ပြောင်းရွှေ့ကြေးဆိုင်ရာ ညိနှိုင်းမှုတွေ ပြီးမြောက်ရင်တော့ ဒီခေါ်ယူရေးကိစ္စ ဖွင့်ချလာပါမယ်။ လီဗာပူးဟာ ဗက်ဇ်အတွက် ကလပ်စံချိန်တင်ကြေး ပေးမှာဖြစ်ကာ ပရီးမီးယားလိဂ် စံချိန်တင်ကြေးကိုတော့ ကျော်ဖြတ်ဖွယ် မရှိပါဘူး။

စိတ်ဝင်စားစရာကတော့ ချန်ပီယံဖြစ်ရေး နံပါတ် ၁၀ နေရာမှာ ဆိုဘိုစလိုင် တောက်ပခဲ့ပေမယ့် ဟန်ဂေရီသားက နည်းပြအာနယ် ဆလော့ ဆန္ဒရှိသလောက် လုံလောက်စွာ လုပ်ပြနိုင်ခြင်း မရှိသေးပါဘူး။ ဗက်ဇ်ရောက်လာခဲ့ရင် နံပါတ် ၁၀ နေရာ နှစ်ဦးတွဲသုံးဖို့ အစီအစဉ် မရှိသေးကြောင်းကလွဲလို့ နည်းစနစ်အပြောင်းအလဲအကြောင်း မသိရသေးပါဘူး။

ဗက်ဇ်အတွက် များပြားတဲ့ ပြောင်းရွှေ့ကြေး ပေးချေရမှာဖြစ်ပြီး လီဗာပူးအသင်းမှာ လုံလောက်တဲ့ငွေကြေး ရှိထားပါတယ်။ ဒါပေမယ့် အသင်းဟာ ဘယ်အစွန်နေရာမှာ ပေါင် ၄၅ သန်းတန် မီလိုစ့်ကာ့ဇ်ကို ခေါ်ယူရေးအပြင် နောက်ထပ် နေရာအချို့ကိုလည်း ဆက်လက် အားဖြည့်ဖို့ကိုတော့ ရစ်ချက်ဟုချ်ရဲ့ ကစားသမားရောင်းချနိုင်စွမ်းကို အားကိုးရမှာဖြစ်ပါတယ်။

မာမာဒီရှီဗီလာ ရောက်လာတော့မှာဖြစ်တာနဲ့အတူ ကလယ်ဟာက ပုံမှန်ပွဲကစားခွင့်အတွက် လီဗာပူးကနေ ထွက်ခွာမှာပါ။ အသင်းဟာ ၂၅ နှစ်အရွယ် ဂိုးသမားအတွက် ပေါင် ၂၅ သန်း ရလိုပါတယ်။ သူ့အပြင် ဇန်နဝါရီတုန်းက ပေါင် ၁၅ သန်းဖြင့် ကမ်းလှမ်းခံခဲ့ရတဲ့ ဗန်ဒုတ်အတွက်လည်း ပေါင် သန်း ၃၀ ရရင် ထွက်ခွင့်ပေးမှာ ဖြစ်ပါတယ်။

ဟာဗေး၊ ကိုစတက်၊ မော်တန်တို့ ၃ ဦးက ပွဲကစားခွင့်အတွက် အသင်းပြောင်းလိုနေကာ သူတို့ကို စိတ်ဝင်စားတဲ့ ကလပ်တွေနဲ့ လီဗာပူးဘက်က ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီကစားသမား ၅ ဦးကို ရောင်းချခဲ့ရင် ပေါင် သန်း ၁၀၀ အနည်းဆုံးရဖို့ မျှော်လင့်ထားပြီး ဒါက လီဗာပူးရဲ့ နွေအသုံးစရိတ်ကို အားကောင်းစေပါမယ်။

လီဗာပူးရဲ့ အဓိကကျတဲ့ ပလန်က သူတို့ကို ရောင်းချနိုင်ရေးတင် မဟုတ်ပါဘူး။ လီဗာပူးအသင်းဟာ ဒီနွေမှာ တိုက်စစ်ပိုင်း အစုအဖွဲ့ကို ကြီးကြီးမားမား ပြုပြင်လိုစိတ် ပြင်းထန်နေတယ်။ ဒါဝင် နူးညက်စ်ကို ရောင်းချလိုတာက ဖုန်းကွယ်ထားစရာလိုတဲ့ ကိစ္စ မဟုတ်သလို အသင်းနဲ့ ၂ နှစ်စာချုပ်ပဲရှိတော့တဲ့ ဒီယက်ဇ်အတွက် ဆော်ဒီကလပ် အယ်နာဆာ အသင်းထံက စိတ်ဝင်စားမှုရှိနေတာကလည်း သတင်းမှန်ဖြစ်ပါတယ်။

လီဗာပူးဘက်က ဒီယက်ဇ်အတွက် ယူရို သန်း ၈၀-၁၀၀ ဝန်းကျင် ကမ်းလှမ်းမှုရရင် လက်ခံ နားထောင်ပေးမှာပါ။ နှစ်သင်းကြားမှာ ဒီကိစ္စ စကားပြောမှု စတင်လာနေတဲ့ အခြေအနေဖြစ်တယ်။

ဘိုင်ယန်မြူးနစ်အပြင် ကလပ် ၃ သင်းက စိတ်ဝင်စားနေတဲ့ ဂက်ပိုကိုတော့ အသင်းဘက်က ဆက်ထိန်းလိုနေတယ်။ လီဗာပူးတာဝန်ရှိသူတွေကို စိတ်ပြောင်းစေလိုတယ်ဆိုရင် ဒီယက်ဇ်အတွက် တောင်းဆိုမယ့် ပမာဏနီးနီးဖြင့် နယ်သာလန် တိုက်စစ်သမားအတွက် ကမ်းလှမ်းရမှာဖြစ်ပါတယ်။

ရစ်ချက်ဟုချ်တို့က ဂျိုတာ၊ ခီယေဆာ၊ ကွမ်းဆက်၊ ဂိုးမက်စ်တို့ အနေနဲ့ ပွဲကစားခွင့်အတွက် အသင်းပြောင်းလိုရင်လည်း သူတို့ကို ရောင်းချဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ ကွမ်းဆက်လို လက်ရွေးစင်အဆင့် ကစားသမားအတွက် ပေါင် သန်း ၅၀ ပေးချေရမှာဖြစ်ကာ ကျန် ၃ ဦးအတွက်ကတော့ အဆိုပါပမာဏထက် နည်းပါးပါမယ်။

မနှစ်ကဘောလုံးရာသီမှာ ကွင်းလယ်အတွင်းလူ နေရာအတွက် ဇူဘီမန်ဒီကို ကြိုးစားခဲ့သော်လည်း ဒီစျေးကွက်မှာ အဆိုပါနေရာဟာ ဦးစားပေးအဖြစ် ဆက်ရှိလာမှာ မဟုတ်ပါဘူး။ အန်ဒိုကို ဆက်ထိန်းပြီး လာလီဂါကနေ ဘာ့ဂျ်ဆဲတစ်ကို ပြန်ခေါ်ခြင်းဖြင့် ကွင်းလယ်အတွင်းလူနေရာအတွက် ဖြေရှင်းမှာဖြစ်ကာ နံပါတ် ၆ နေရာမှာ ဂရာဗင်ဘက်ချ်နဲ့အပြိုင် မာကာ၊ ဂျုံးတို့ကို သုံးနိုင်စွမ်းကို အာနယ် ဆလော့တို့ ရှာဖွေမှာ ဖြစ်ပါတယ်။

၂၀၂၅ ဇွန်လနောက်ပိုင်း ပြိုင်ဘက် ကစားသမားတွေဟာ လီဗာပူးအသင်း ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ကို ဖိအားပေးခြင်းဖြင့် အသင်းရဲ့ စနစ်ကို ဟန့်တားဖို့ ကြိုးစားလာကြခြင်းကို အသင်းနည်းပြအဖွဲ့က သိရှိထားပါတယ်။ လာမယ့်ရာသီမှာ တူညီတဲ့ စနစ်မျိုးဖြင့် ယှဉ်ပြိုင်မှာ မဟုတ်ဘဲ ကွင်းလယ်ကနေ ဖန်တီးနိုင်စွမ်း မြင့်တင်သွားပါမယ်။

FSG ဘက်က ကစားသမား ရောင်းချမှုကနေ ရလာတဲ့ ငွေကြေးအားလုံးကို လူသစ် ခေါ်ယူရေးတွေမှာ အသုံးပြုခွင့်ပေးမှာပါ။ အာနယ်ဆလော့၊ ရစ်ချက်ဟုချ်တို့ဟာ သူတို့ရဲ့ ဒုတိယမြောက် ဘောလုံးရာသီမှာ ကြီးမားတဲ့ စျေးကွက်တစ်ခုကို ကျော်ဖြတ်ကြမှာဖြစ်ပေမယ့် တစ်ကြိမ်တည်းဖြင့် အားလုံးကို ပြောင်းလဲလို့ မရနိုင်သေးတာကို သူတို့ နားလည်ထားတာဖြစ်ပါတယ်။