ဗစ်၊ ဒီယက်ဇ်၊ ကိုနတေး၊ ချက်ကီ အပါအဝင် နောက်ဆုံးရ လီဗာပူးအပြောင်းအရွှေ့ သတင်းများ

James Pearce, David Ornstein အစရှိတဲ့ နာမည်ကြီး ဗြိတိန်သတင်းထောက်တွေရဲ့ လီဗာပူးအပြောင်းအရွှေ့ ကိစ္စတွေအတွက် နောက်ဆုံး ဖော်ပြမှုတွေကို LFCThaDin ဖတ်ရှုသူတွေအတွက် ဖော်ပြလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ဗစ်ကို ခေါ်ယူနိုင်မယ်လို့ အကောင်းမြင်စိတ်ဖြင့် ဆွေးနွေးမှု ဆက်လက် ပြုလုပ်နေပါတယ်။ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူရေး ဒီအပတ်အတွင်း အဖြေပေါ်ဖွယ် ရှိပါတယ်။

လီဗာပူးအသင်းတာဝန်ရှိသူတွေဟာ ကိုနတေးနဲ့ စာချုပ်သစ်ကိစ္စ စကားပြောနေပြီး အဆင်မပြေခဲ့ရင်တော့ နောက်ရာသီ အလွတ်ဖြင့် ထွက်ခွင့်ပေးရမယ့် သူ့ကို ဒီနွေမှာတင် ရောင်းချသွားမှာဖြစ်ပါတယ်။

ဒီယက်ဇ်ကို ဆော်ဒီကလပ် အယ်နာဆာဘက်က မြန်မြန်ဆန်ဆန် ချိတ်ဆက်လာနိုင်ကြောင်း ဆော်ဒီသတင်းတွေက ဆိုနေပေမယ့် အခုချိန်ထိတော့ သိသာတဲ့ ကမ်းလှမ်းမှုမျိုး မမြင်ရသေးပါ။

ရော်ဘတ်ဆန်နဲ့ ကိုစတက်တို့ ၂ ဦးထဲက ၁ ဦးကို ရောင်းထုတ်နိုင်ခြင်း မရှိပါဘဲ လီဗာပူးက မီလို်စ့်ကာ့ဇ်အတွက် ကြိုးစားဖွယ် မရှိသေးပါဘူး။

ဗန်ဒုတ်နဲ့ ဘာ့ဂျ်ဆဲတစ်တို့ ၂ ဦးကို ခေါ်ယူဖို့ လီဗာပူးအသင်းထံ ချိတ်ဆက်မှုတွေ ရှိနေပြီး တိုးတက်တဲ့အခြေအနေတွေ ထွက်ပေါ်မလာသေးပါဘူး။

ဟာဗေးရဲ့ မနှစ်ကရာသီ တိုးတက်မှုနှေးကွေးခြင်းကြောင့် သူ့ကို ခေါ်ယူရေး လေဗာကူဆင်ဘက်က ကြိုးစားတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကွမ်းဆက်ကိုတော့ လေဗာကူဆင်ဘက်က သဘောကျမှုရှိနေဆဲပါ။

လီဗာပူးအသင်းဟာ ဗစ်ကို ကာလရှည် စောင့်ကြည့်နေခြင်းဖြစ်ပြီး ကွင်းလယ်တိုက်စစ် နေရာအတွက် သူ့တစ်ဦးတည်းကိုပဲ ပထမဦးစားပေးအဖြစ် ရွေးချယ် စကားပြောနေခြင်းဖြစ်ပေမယ့် အသင်းဟာ အခြားသော ကစားသမားတွေကိုလည်း နည်းပြအာနယ် ဆလော့နဲ့ တွေ့ခွင့်ပေးထားဖူးပါတယ်။

လိုင်ယွန်ကွင်းလယ်လူ ရိုင်ယန် ချက်ကီနဲ့ အာနယ် ဆလော့တို့ဟာ ပြင်သစ် တောင်ပိုင်မှာ ပြီးခဲ့တဲ့အပတ်က တွေ့ဆုံခဲ့ဖူးပြီး လီဗာပူးဘက်က သူ့ကို ခေါ်ယူရေး ကြိုးစားခဲ့ခြင်းတော့ မရှိပါဘူး။

ချက်ကီဟာ လိုင်ယွန်အသင်းကနေ ယူရို ၂၂.၅ သန်း ဝန်းကျင်ဖြင့် ထွက်ခွာခွင့်ရမယ့် သဘောတူညီချက် ရှိထားသူဖြစ်ပြီး မန်စီးတီးက သူ့ကို ကြိုးစားမှုရှိနေကာ သဘောတူညီမှုရဖို့တော့ လိုအပ်နေဆဲဖြစ်ပါတယ်။

မော်တန်၊ နက်ဖီးလစ်၊ ရွိုင်းဝီလီယမ်တို့ ၃ ဦးဟာ ဒီနွေမှာပဲ လီဗာပူးအသင်းကနေ ထွက်ခွာပါလိမ့်မယ်။