လီဗာပူးအသင်းဟာ ဒီအပတ်တွေမှာ ခံစစ်မှူးသစ် ရှာပုံတော် ဖွင့်နေပြီး အသက် ၂၃ နှစ်အောက် ဗဟိုခံစစ်သမားတွေကို စောင့်ကြည့်မှုတွေ ပြုလုပ်လာနေပါတယ်။
အက်စတွန်ဗီလာပွဲကြိုမှာ ခံစစ်မှူးသစ် ခေါ်ယူလိုကြောင်း ကလော့ပ်က ထုတ်ပြောခဲ့သလို လီဗာပူးအသင်းဘက်က ကွင်းလယ်တင် မဟုတ်ဘဲ ခံစစ်အတွက် အာရုံပြန်စိုက်လာနေကြောင်း The Times မှ အသင်းထောက် Paul Joyce ကလည်း ဖော်ထုတ်လာခဲ့ပြီ ဖြစ်ပါတယ်။
စပို့တင်းမှ ဂွန်ကာလို အန်နာဆီယို၊ ချယ်ဆီးကနေ ဘရိုက်တန်ကို အငှားထွက်နေတဲ့ လီဗီ ကိုးဝဲလ်၊ ဘင်ဖီကာမှ အန်တိုနီယို ဆေးဗား၊ လိုက်ဇစ်မှ ဂါဗာဒီယိုတို့ဟာ လီဗာပူးနဲ့ သတင်းထွက်ထားကြသူတွေ ဖြစ်ပါတယ်။ သူတို့ထဲမှာတော့ လီဗီ ကိုးဝဲလ်အတွက် လီဗာပူးက ကြိုးစားကြည့်မယ့် အရိပ်အယောင် မြင်ထားရတယ်။
အခုထပ်ပြီး သတင်းထွက်လာတာကတော့ ဒေးလီးမေလ်းမှ သတင်းထောက် Simon Jones ရဲ့ ဖော်ပြမှုဖြစ်ပြီး လက်ရှိ ပဲလေစ့်မှာ ကစားနေတဲ့ ချယ်ဆီး အကယ်ဒမီထွက် ခံစစ်မှူး ဂူဟီကို လီဗာပူးဘက်က စိတ်ဝင်စားနေပါတယ်။
အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးဟာ လွန်ခဲ့တဲ့ ၂ ရာသီက ပဲလေစ့်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လန်ဒန်ကလပ်မှာ သူ့ရဲ့ တောက်ပမှုကြောင့် နည်းပြဆောက်ဂိတ်က အင်္ဂလန်အသင်းအတွက် ရွေးချယ်ဖို့ပါ စီစဉ်နေပါပြီ။
ဂူဟီကို လီဗာပူးအပြင် အာဆင်နယ်၊ တော်တင်ဟမ်၊ မန်ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ကျသင့်မှာပါ။ ဒီနွေမှာ ကွင်းလယ်အတွက် အာရုံစို်က်နေမယ့် လီဗာပူးအသင်းဟာ ဂူဟီအတွက် အသုံးစရိတ် မရှိသေးဘူးလို့လည်း သတင်းထောက်က ဖော်ပြသွားခဲ့တယ်။
လီဗာပူးအသင်းဟာ နွေစျေးကွက်မှာ နက်ဖီးလစ်၊ ရွိုင်းဝီလီယမ်အပြင် ကစားသမား ရောင်းချမှု အချို့ ပြုလုပ်နိုင်ရင်တော့ ဂူဟီအတွက် ကြိုးစားနိုင်မယ့် အလားအလာတွေ ရှိနေသေးတာ ဖြစ်ပါတယ်။