ဂျိုတာအတွက် ကမ်းလှမ်းမှုတွေကို လမ်းဖွင့်ပေးထား၊ ဖလားတွေ ထပ်ယူဖို့ သွေးသစ်လောင်းနေတာလို့ FSG ဆို၊ လူစာရင်း ပြည့်နေခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လာမယ့်အပတ်မှာတော့ လီဗာပူးအသင်းဟာ ကစားသမားအထွက်ကော အဝင်အတွက်ပါ တိုးတက်တဲ့ အခြေအနေတွေ ရှိလာပါမယ်။

အထွက်အနေနဲ့ ဒါဝင်၊ ခီယေဆာ၊ ကွမ်းဆက်တို့အတွက် ကလပ်ချင်း စကားပြောမှုတွေ ထွက်ပေါ်လာမှာဖြစ်ကာ အဝင်ကတော့ ဆေးစစ်ဖို့ရာ ကာကက်ဇ် ရောက်လာမှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဂျိုတာအတွက် မှန်ကန်တဲ့ ကမ်းလှမ်းမှုရရင် ဆွေးနွေးစကားပြောမှာဖြစ်ပြီး စျေးကွက်ထဲမှာတော့ နံပါတ် ၉ သမားအပြင် တိုက်စစ်ပိုင်း စွယ်စုံရ ကစားသမား တစ်ဦးကို ခေါ်ယူဖို့လည်း စောင့်ကြည့်နေပါတယ်။

ကာကက်ဇ် ရောက်လာခဲ့ရင် လီဗာပူးအသင်းရဲ့ Non-homegrown စာရင်းဟာ ၁၈ ဦးဖြစ်သွားမှာမို့ လူရောင်းချမှုကို မဖြစ်မနေ လုပ်ရတော့မှာပါ။

တချိန်တည်းမှာပဲ အသင်းရဲ့ homegrown စာရင်းမှာတော့ ပွဲထွက်လူစာရင်းကို စိန်ခေါ်နိုင်မယ့်သူအဖြစ် ဖရန်းပေါင်၊ ဘရတ်ဒလေ၊ ဂျုံး၊ ဂိုးမက်စ်၊ ဟာဗေးတို့ပဲ ရှိနေမှာဖြစ်ပါတယ်။

ခံစစ်ပိုင်းမှာ လူငယ်ကြယ်ပွင့် တစ်ဦးကို ရလိုတဲ့ လီဗာပူးအသင်းဟာ အေဂျက်မှ ဟာတိုကို အတော်လေး သဘောကျနေတာပါ။ ဂူဟီအတွက် များပြားတဲ့ ပမာဏ တောင်းဆိုခံရရင် ဟာတိုကို ချိတ်ဆက်ဖို့ထိ စဉ်းစားထားပါတယ်။

FSG အကြီးအကဲတဦးဖြစ်တဲ့ တွမ်ဗာနာကတော့ သူတို့ဟာ လီဗာပူးအသင်းကို ဆုဖလား အောင်မြင်မှုတွေ ထပ်ယူပေးဖို့ရာ အားမာန်အသစ်တွေဖြစ်စေမယ့် သွေးသစ်လောင်းမှု ပြုလုပ်နေတာဖြစ်ကြောင်း ထုတ်ပြောပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးအင်အားကြီး ကလပ်တွေဖြစ်တဲ့ မန်စီးတီး၊ ချယ်ဆီးတို့နဲ့အတူ အသုံးစရိတ် ယှဉ်ပြိုင်နိုင်စွမ်းကို ထုတ်ပြလာနေပြီး ဒီအဆင့်ကို ရောက်လာဖို့ ဆယ်စုနှစ် ၁ ခုကျော်ကြာ အားထုတ်ခဲ့ရပါတယ်။

ဆယ်စုနှစ် ၁ ခုအတွင်း အက်ဆာလေ့ကျင့်ရေးနဲ့ အန်ဖီးကွင်း တိုးချဲ့မှုတွေအတွက် လီဗာပူးအသင်းဟာ ပေါင် သန်း ၃၀၀ ဝန်းကျင် အကုန်အကျခံခဲ့ပြီး အဲ့အတွက် အကျိုးအမြတ်တွေကို စတင် ခံစားလာနေရပါပြီ။