လီဗာပူးနဲ့အပြိုင် မန်စီးတီးက အယ်လစ္စတာကို စလိုက်နေပြီဆိုတဲ့ သတင်းတွေအတွက် ရိုမန်နို ဖြေရှင်းပေးလာ

ဒီရက်ထဲမှာ လီဗာပူးအသင်းက မက်အယ်လစ္စတာအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရထားသလို ဘရိုက်တန်နဲ့ ပြောင်းရွှေ့ကြေး ကိစ္စကို အပြီးသတ်ပြီးရင် ရာသီကုန်မှာ တရားဝင် ကြေညာမှု လုပ်မယ်လို့ အာဂျင်တီးနား အခြေစိုက် သတင်းဌာနတွေက ဖော်ပြပါတယ်။

အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက် ရိုမန်နို ကိုယ်တိုင်ကလည်း လီဗာပူးနဲ့ အယ်လစ္စတာကြား အပြီးသတ် သဘောတူညီမှု ရတော့မယ်လို့ ဖော်ပြလာနေပါတယ်။

ဒါပေမယ်လို့ ဘယ်လင်ဟမ်ကို ခေါ်ယူရေးမှာ ရီးရဲလ်မက်ဒရစ်ကို အသာမရတော့တဲ့ မန်စီးတီးဟာ ကွင်းလယ်ပိုင်း အားဖြည့်ဖို့ ပြင်ဆင်လာပြီး အယ်လစ္စတာကို ခေါ်ဖို့မှာ လီဗာပူးနဲ့ ပြိုင်ဆိုင်လိမ့်မယ်လို့ ဗြိတိန်သတင်းထောက်တွေက စတင် ဖော်ပြလာတာပါ။

မန်စီးတီးက အယ်လစ္စတာ၊ ကမ်မစ်၊ ဂါဗာဒီယို စတဲ့ နာမည်ကြီး ပစ်မှတ်တွေကို ဒီနွေအတွက် ရည်ရွယ်လာကြောင်းနဲ့ မကြာခင်မှာ လီဗာပူးနဲ့အပြိုင် အယ်လစ္စတာကို စျေးခေါ်တော့မယ်လို့ သတင်းထောက် David McDonnell တို့က ရေးသာလာတာ ဖြစ်ပါတယ်။

ဒီသတင်းအတွက် ရိုမန်နိုကပဲ ” ဒီအခြေအနေမှာ အယ်လစ္စတာကို ခေါ်ယူရေး ပြိုင်ဆိုင်မှုအတွက် မန်စီးတီးဘက်က ဝင်မလာသေးပါဘူး။ စကားပြောမှု မရှိသလို စိတ်ဝင်တစား ချိတ်ဆက်မှု မရှိပါဘူး။

လီဗာပူးက ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု အပြည့်အဝရဖို့ နီးစပ်နေပါပြီ။ အပြီးသတ်အတွက် အသေးစိတ် အချက်အလက်တွေကို ညိနှိုင်းဖို့ စောင့်နေတာပါ။ သူ့ရဲ့ ဘရိုက်တန် စာချုပ်မှာ ပြောင်းရွှေ့ကြေး ပမာဏ တစ်ရပ် ပါရှိထားပါတယ် ” လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီလအကုန်မှာ လီဗာပူးနဲ့ အယ်လစ္စတာ အပြောင်းအရွှေ့ ကိစ္စကို သဲသဲကွဲကွဲ သိရမှာဖြစ်ပြီး အသင်းဘက်ကတော့ Panic Buying မဖြစ်ရေး ကစားသမား တစ်ဦးအတွက် ခြေချုပ်မိခံနေမှာ မဟုတ်တာ ဖြစ်ပါတယ်။