စာချုပ်သစ် မချုပ်သေးတဲ့ ကိုနတေးနဲ့ ပတ်သက်လို့ လီဗာပူးနဲ့ အာနယ် ဆလော့ရဲ့ သဘောထား

လီဗာပူးအသင်းဟာ ၂၀၂၄ အောက်တိုဘာလောက်ကစပြီး ခံစစ်မှူး ကွမ်းဆက်နဲ့ တပြိုင်နက်တည်းမှာပဲ ကိုနတေးကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်က ပယ်ချခဲ့ပါတယ်။

၂၀၂၅ မှာ လီဗာပူးဘက်က စာချုပ်သစ်ကိစ္စ ထပ်မံ ကြိုးစားနေကာ လာမယ့်လတွေမှာလည်း ဆက်လက် ညိနှိုင်းသွားမှာဖြစ်ကာ နောက်ဆုံးအချိန်ထိ စည်ရုံးနိုင်ခဲ့တဲ့ ဆာလာ၊ ဗန်ဒိုက်ပုံစံ သဘောတူညီမှုမျိုး ရှာဖွေနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ကိုနတေးဘက်ကတော့ ဒီနွေမှာ အသင်းပြောင်းဖို့ကို ငြင်းဆန်ဖို့ ပြင်ဆင်ထားပြီး သူ့ရဲ့ စာချုပ်အပေါ် အပြည့်အဝ ထိန်းချုပ်ခွင့်ကို ထိန်းသိမ်းရင်း နောက်နှစ်နွေမှာ လက်မှတ်ထိုးကြေးကြီးနဲ့ ပီအက်စ်ဂျီ ဒါမှမဟုတ် ရီးရဲလ်ထံ အလွတ်ဖြင့် ပြောင်းလိုနေတယ်လို့ The Athletic က ဆိုတယ်။

လီဗာပူးဘက်က ကိုနတေးကို ဒီနွေမှာ ရောင်းချဖို့ အစီအစဉ် မရှိသေးပေမယ့် ကွမ်းဆက်ကို ရောင်းထုတ်ဖို့ သဘောတူညီမှုရခဲ့ရင် ခံစစ်မှူးသစ် ၂ ဦး ပြန်ခေါ်ယူဖို့ လျာထားပါတယ်။ ၁ ဦးဟာ ပွဲထွက်လူစာရင်းထဲ တိုက်ရိုက် ပါဝင်နိုင်မယ့်သူ ဖြစ်ရမှာဖြစ်ကာ နောက် ၁ ဦးကိုတော့ လူငယ်သွေးသစ်လေး ခေါ်ဖို့လည်း စီစဉ်ထားတယ်။

ကိုနတေးဘက်က အသင်းနဲ့ စာချုပ် ချုပ်ခြင်း မချုပ်ခြင်းဟာ ကစားသမားနဲ့ ကလပ်ရဲ့ ကိစ္စပဲဖြစ်ပြီး နည်းပြအာနယ် ကတော့ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပြင်သစ်သားကို ထည့်သုံးဖို့ ပြဿနာမရှိပါဘူး။

နည်းပြ အာနယ်ဆလော့ဟာ လီဗာပူးကို ရောက်လာတဲ့ ကနဦးကာလမှာတည်းက ” ငါက ရေရှည်ပလန်ဆိုတာထက် လက်ရှိကိုပဲ အာရုံစိုက်ထားပါတယ် ” လို့ ပြောခဲ့ပါတယ်။ သူဟာ နောက်နှစ်တွေအတွက် ပလန်ထက် လက်ရှိဆိုတာကိုပဲ ပိုမို အာရုံစိုက်ထားပါတယ်။

ထရန့်တုန်းကလည်း နည်းပြအာနယ် ဆလော့ဟာ အင်္ဂလန်ညာအစွန်လူ စာချုပ်မချုပ်တော့ဘူးဆိုတာ သိပေမယ့် ပွဲကစားခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၅ ကစလို့ ပေးနိုင်တဲ့ ပွဲချိန် အားလုံးကို မပေးတော့ဘဲ ပွဲကစားချိန် ကန့်သတ်လိုက်ပြီး တတ်နိုင်သလောက် ဘရတ်ဒလေကို ပိုနေရာပေးခဲ့ပါတယ်။

အာနယ် ဆလော့ဟာ ရွေချယ်လို့ရမယ့် ကစားသမားတွေထဲ အကောင်းဆုံးတွေကို သုံးဖို့ပဲ ရည်မှန်းထားကာ ကိုနတေးအတွက်လည်း ထူးထူးခြားခြား မျက်ကွယ်ပြုသွားမယ့် အရိပ်အယောင် မမြင်ရပါဘူး။