ဒီယက်ဇ်ကို ခေါ်လိုရင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ကမ်းလှမ်းဖို့ လိုအပ်ခြင်း၊ နည်းပြအဖွဲ့ဝင် အပြောင်းအလဲ အချို့နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ဒီရာသီ ခေါ်ယူမှုအသစ်ထဲ ပါဝင်လာမယ့် ဂိုးသမား မာမာဒီရှီဗီလာဟာ လီဗာပူးအသင်းထံ လာရောက်နေပြီဖြစ်ပါတယ်။

ပဲလေစ့်အနေနဲ့ ခံစစ်မှူး ဂူဟီအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၄၀ တဝိုက်ထံ မလျော့ချပေးရင် လီဗာပူးဘက်က ကမ်းလှမ်းမှု ပြုလုပ်မှာ မဟုတ်ပါဘူး။

မနှစ်ကရာသီ ဘယ်တောင်ပံမှာ ဂက်ပို ဂိုးတွေသွင်းယူပြီး ဆာလာနောက် ဒုတိယဂိုးသွင်း အများဆုံး တိုက်စစ်သမားဖြစ်ခဲ့ပေမယ့် လာမယ့်ရာသီမှာ သူ သေချာပေါက် ပွဲထွက်ခွင့်ရမယ် အာမခံချက် မရှိပါဘူး။

လိုင်ယွန်အသင်းဟာ တိုက်စစ်သမား ဖိုဖာနာကို ရောင်းချဖို့ ကြိုးစားနေပြီး လီဗာပူး အပါအဝင် ကလပ်တွေဖြင့် ချိတ်ဆက်မှု ပြုလုပ်နေပါတယ်။

လီဗာပူးအသင်းဟာ ဒီယက်ဇ်အတွက် ဘိုင်ယန်မြူးနစ်ရဲ့ ချိတ်ဆက်မှုကို ပယ်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း ဘာစီလိုနာထံက အလားတူ ချဉ်းကပ်မှုကို ပယ်ချဖူးပါတယ်။

၂၀၂၇ ခုနှစ်ထိပဲ အသင်းနဲ့ စာချုပ်ရှိထားတဲ့ ဒီယက်ဇ်ကို အလျင်စလို ရောင်းထုတ်ဖို့ မရည်ရွယ်တဲ့ လီဗာပူးအသင်းဟာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုးဖြင့် ချိတ်ဆက်လာမှပဲ လက်ခံ စဉ်းစားပေးမှာပါ။

လီဗာပူးအသင်းဟာ လူငယ် ခံစစ်မှူး စတင်ရှာဖွေနေပြီဖြစ်ကာ လိုက်ဇစ်အသင်းမှ လုကီဘာကို သဘောကျမှု ရှိနေပါတယ်။ ကစားသမားဟာ လိုက်ဇစ်နဲ့ ယူရို သန်း ၉၀ တန် စာချုပ်ဖျက်သိမ်းကြေး ရှိထားပေမယ့် အဲ့ထက် ပိုနည်းတဲ့ ပမာဏနဲ့ ထွက်ခွာခွင့်လည်း ရှိနေပါတယ်။

နယ်သာလန်အသင်းခေါင်းဆောင်ဟောင်းနဲ့ ဖီယင်နု နည်းပြဟောင်း ဗရွန်းကော့စ်ကို အာနယ် ဆလော့ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် လီဗာပူးအသင်း ခေါ်ယူလိုက်ပါတယ်။

ဘရာဇီးနည်းပြ တာဖာရယ် အသင်းကနေ ထွက်ခွာသွားပြီဖြစ်ကာ သူ့နေရာမှာ ယခင် ဂိုးနည်းပြဟောင်း ဇာဗီ ဗာရယ်ရို ပြန်ဝင်လာပါတယ်။