စီနီယာ ၄ ဦး ထွက်ခွာခြင်းနဲ့အတူ လာမယ့်ရာသီ လူသစ်တွေ မလာခင် လီဗာပူး အသင်းသား (၂၃) ဦးစာရင်း

မီလ်နာ အပါအဝင် အသင်းသား ၄ ဦးကို အလွတ်ဖြင့် ထွက်ခွင့်ပေးခဲ့ပေမယ့် လာမယ့်ရာသီ မတိုင်ခင် လီဗာပူး စီနီယာအသင်းမှာ အင်အားကောင်းကောင်း ကျန်ရှိနေဦးမှာပါ။

နည်းပြအဖွဲ့က အသင်းသား အချို့ကို ရောင်းထုတ်ပြီး အသုံးစရိတ် ရှာဦးမှာ ဖြစ်သလို ကြယ်ပွင့်အချို့ကို လက်လွတ်ပြီး နောက်ထပ် လူငယ်တွေနဲ့ အစားထိုးမှုတွေ လုပ်ကာ အနာဂတ်အတွက် သွေးသစ်လောင်းမှုတွေလည်း ရှိလာဦးမှာပါ။ ရာသီသစ်အတွက် ကစားသမားသစ်တွေ မလာခင် အသင်း လူစာရင်းကို Liverpool Tha Din ဝဘ်ဆိုဒ်ကို အားပေးနေတဲ့ ညီကိုတွေ သိရအောင် ဖော်ပြသွားပါမယ်။

ဂိုးသမား

အယ်လီဆန်၊ အတ်ဒရီယန်၊ ကလယ်ဟာ။ လီဗာပူးနည်းပြအဖွဲ့က ဂိုးသမား နေရာကလွဲရင် ကျန်တဲ့ နေရာတွေကို အပြောင်းအလဲ ပြုလုပ်လိုနေပါတယ်။ အမြဲတမ်း ဂိုးသမားနေရာမှာတော့ အယ်လီဆန် ဆက်ရှိနေမှာပါ။

ဒီနွေမှာ စာချုပ်ကုန်မယ့် အတ်ဒရီယန်ကို ကာလတို စာချုပ်သစ်ပေးဖွယ် ရှိနေပြီး ကလယ်ဟာကို မရောင်းထုတ်ဖို့ အသင်းဘက်က ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့်လို့ စပါး၊ ဘရန့်ဖိုဒ့်နဲ့ ဘရိုက်တန်တို့က ကလယ်ဟာအတွက် ပေါင် သန်း ၃၀ ဝန်းကျင် ပေးပြီး ပုံမှန် ပွဲထွက်ခွင့် ပေးမယ်ဆိုရင် အပြောင်းအရွှေ့က ဖြစ်လာနိုင်ပါတယ်။

အသက် ၁၈ နှစ်အရွက် ဟာဗေး ဒေးဗစ်နဲ့ အသက် ၂၀ အရွယ် ပီတာလူဂါတို့က အရန် ဂိုးသမားတွေအဖြစ် အားဖြည့်ပေးနိုင်ပါတယ်။

ခံစစ်

နက်ဖီးလစ်၊ ရွိုင်းဝီလီယမ်တို့ကို ဒီနွေမှာ ရောင်းထုတ်မှာဖြစ်သလို မာတစ်အတွက် ကမ်းလှမ်းခံရမှုတွေ ရှိမယ်ဆိုရင် နားထောင်ပေးဖို့ အသင်းဘက်က ပြင်ဆင်ထားပါတယ်။ ဗန်ဒိုက်၊ မာတစ်၊ ကိုနတေး၊ ဂိုးမက်စ်တို့ပဲ ရှိနေတဲ့ ခံစစ်မှူး နေရာအတွက် နည်းပြကလော့ပ်က ဗဟိုခံစစ်မှူးသစ် တစ်ဦး ရလိုကြောင်း သတင်းတွေ ကြီးနေပါတယ်။

အစွန်မှာတော့ ရိုဘို၊ ထရန့်၊ ကိုစတက်၊ ရမ်ဆေးတို့ ရှိနေပါတယ်။ ဒီနွေမှာ စောင့်ကြည့်ရမယ့် ကစားသမားတွေထဲက တစ်ဦးဟာ ရမ်ဆေးဖြစ်ပြီး ရာသီကြိုမှာ စီနီယာအသင်းနဲ့ ပူးပေါင်းနိုင်မှာပါ။ ဘော်တန်ကနေ ပြန်လာမယ့် ညာခြမ်းသမား ဘရတ်ဒလေလည်း ရှိပါသေးတယ်။

ကွင်းလယ်

အပြောင်းအလဲ အများဆုံးဖြစ်မယ့် ကွင်းလယ်မှာတော့ ဟန်ဒါဆန်၊ ဖာဘင်ညို၊ သီယေဂို၊ ဂျုံး၊ ဟာဗေး၊ ဘာ့ဆဲတစ်တို့ပဲ ကျန်ရှိပါတော့တယ်။ ကွင်းလယ်လူ အနည်းဆုံး ၂ ဦးကနေ ၃ ဦးရောက်မယ်လို့ သိထားရပြီး အယ်လစ္စတာ၊ မေဆန်မောင့်က သတင်းအကြီးဆုံး ဖြစ်ပါတယ်။

ဒီတစ်ရာသီလုံး ကိတ်တာ၊ ချိန်ဘာလိန်နဲ့ အာသာထံက မျှော်လင့်စရာ မရှိခဲ့တာနဲ့အတူ ကွင်းလယ်လူသစ်တွေဟာ အရေးပါလာပါလိမ့်မယ်။ ဘလက်ဘန်းမှာ ပုံမှန်ပွဲထွက်ခွင့်ရခဲ့တဲ့ မော်တန်ကို အငှားထက်ချမလား စီနီယာအသင်းမှာ ထားမလား စောင့်ကြည့်ရပါမယ်။

တိုက်စစ်

အသင်းရဲ့ အင်အားအတောင့်တင်းဆုံး နေရာက တိုက်စစ်ဖြစ်ပါတယ်။ ဆာလာ၊ ဂက်ပို၊ ဒီယက်ဇ်၊ ဒါဝင်၊ ဂျိုတာ၊ ကာဗာရိုတို့ ရှိနေတဲ့ တိုက်စစ်မှာ ကာဗာရို တစ်ဦးတည်း အငှား ဒါမှမဟုတ် အပြီးသတ်ဖြင့် ထွက်သွားနိုင်တာပါ။

လူငယ်ကြယ်ပွင့်

ဗဟိုခံစစ်မှူး ကွမ်းဆက်၊ အစွန်လူတွေဖြစ်တဲ့ ဘရတ်ဒလေ၊ အိုဝင်ဘက်၊ လုချမ်ဘာ၊ ကွင်းလယ်လူ မော်တန်၊ တိုက်စစ်သမား ဗန်ဒုတ်၊ ကန်နန်နီရာ၊ ကိတ်ဂေါ်ဒန်၊ ဘော်ဘီ ကလက်တို့ ရှိနေပါတယ်။ ဗန်ဒုတ်ဟာ အကယ်ဒမီရဲ့ အထွန်းတောက်ဆုံး ကြယ်ပွင့် ဖြစ်လာနေတာမို့ လာမယ့်ရာသီ အခွင့်အရေး ရနိုင်ပါတယ်။