မာမာဒီရှီဗီလီကို တရားဝင် မိတ်ဆက်ခြင်း၊ ဒါဝင်အတွက် ဆော်ဒီဘက်က ညိနှိုင်းမှု၊ လန်ဒန်ကလပ်နဲ့ အသံထွက်လာတဲ့ ဟာဗေးနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ ဂိုးသမားသစ် မာမာဒီရှီဗီလီကို ခေါ်ယူနိုင်ကြောင်း တရားဝင် ကြေညာခဲ့ပါပြီ။ ဂျိုတာကွယ်လွန်မှုကြောင့် ဂျော်ဂျီယာသားရဲ့ အပြောင်းအရွှေ့ ကိစ္စ တရားဝင်ကြေညာခြင်းကို နောက်ဆုတ်ခဲ့တာဖြစ်ပါတယ်။

ဖာနန်ဒက်စ်၊ ဒါလော့နဲ့ ယူနိုက်တက်နည်းပြ အမ်မိုရင်းတို့ဟာ မန်ချက်စတာယူနိုက်တက်ကို ကိုယ်စားပြုပြီး ဂျိုတာနဲ့ အန်ဒရီတို့အတွက် အန်ဖီးမှာ လွှမ်းသူပန်းခွေ လာချခဲ့ပါတယ်။

အားကစားဆိုင်ရာ လှုပ်ရှားမှုတွေ ရပ်တန့်ထားခဲ့တဲ့ လီဗာပူးအသင်း တာဝန်ရှိသူတွေဟာ အပြောင်းအရွှေ့အတွက် လှုပ်ရှားမှုတွေ ပြန်စတင်နေပြီဖြစ်ပါတယ်။

Al-Hilal အသင်းဟာ နည်းပြ အင်ဇာဂီရဲ့ဆန္ဒအရ တိုက်စစ်မှူး ဒါဝင်နူးညက်စ်နဲ့ ဆွေးနွေးစကားပြေမှု ပြုလုပ်နေပါတယ်။

ဒါဝင်ဟာ ဥရောပမှာပဲ ဘောလုံးဆက်ကစားလိုပေမယ့် နာပိုလီရဲ့ တုန့်ဆိုင်းမှုကို စိတ်ပျက်ခြင်းနဲ့အတူ အခြားသော အခွင့်အရေးတွေကိုလည်း ရွေးချယ်နိုင်ဖို့ လုပ်ဆောင်သွားမှာပါ။

ကိုနတေးရဲ့ စာချုပ်ကိစ္စကို မက်ဒရစ်ဘက်ကတော့ အတော်လေး သတင်းလွှင့်နေပြီး လီဗာပူးဟာ ပြင်သစ်ခံစစ်မှူးကို စာချုပ်သစ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ထိ ဖော်ပြပါတယ်။

လီဗာပူးဘက်က သတင်းသမားအချို့ထံက သိရသလောက်တော့ လီဗာပူးအသင်းဟာ ကိုနတေးကို စာချုပ်သစ်ပေးရေးအား လုံးဝ လက်လျော့မှာ မဟုတ်ပါဘူး။

ကွင်းလယ်လူ ဟာဗေးကို ဝက်စ်ဟမ်းအသင်းက ခေါ်ယူလိုနေကြောင်း အသံထွက်လာပေမယ့် သတင်းကြီးအဆင့်ထိတော့ ရောက်မလာသေးပါဘူး။

ဒီနွေမှာ လူခေါ်ကြမ်းနေတဲ့ နယူးကာဆယ်ဟာ ဖရန့်ဖတ်တိုက်စစ်မှူး အီကီတီကီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ ၎င်းတို့ဟာ ပရီးမီးယားလိဂ်ဘဏ္ဍာရေး ဟန်ချက်ညီမှုအတွက် အီဆက်ကို ပြန်ရောင်းရမယ်လို့ ရှုမြင်မှုတွေ ရှိပါတယ်။

အီကီတီကီကို ရခဲ့မယ်ဆိုရင် နယူးကာဆယ်ဟာ အီဆက်အတွက် ပေါင် သန်း ၁၄၀ ဝန်းကျင်ရရင် ပြန်ရောင်းထုတ်မယ်လို့လည်း အသံထွက်နေပါတယ်။