ဘယ်တောင်ပံ အားဖြည့်ဖွယ် နည်းပါးလာခြင်း၊ ခံစစ်မှူးခေါ်ယူရေး အခြေအနေ၊ ခီယေဆာအတွက် ယူရို ၁၂ သန်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

တိုက်စစ်မှူး ခီယေဆာကို စီးရီးအေကလပ် အတ္တလန်တာက ယူရို ၁၂ သန်း ဝန်းကျင်ဖြင့် ခေါ်ယူလိုနေပါတယ်။

အနာဂတ်ကိစ္စ မဆုံးဖြတ်ရသေးတဲ့ ဂူဟီကို ခေါ်ယူရေး စပါးအသင်းက စိတ်ဝင်စားနေဆဲဖြစ်ကာ လီဗာပူးနဲ့အပြိုင် ကမ်းလှမ်းဖို့ မစဉ်းစားရသေးပါဘူး။

လီဗာပူးနဲ့ တစ်ပတ် ပေါင် ၁၂၀၀၀၀ တန် စာချုပ်ဟာ ၂ နှစ်အတွင်း ကုန်ဆုံးတော့မှာဖြစ်ကာ စာချုပ်သစ်မရနိုင်တော့တာမို့ ဒီယက်ဇ်ဘက်က အသင်းပြောင်းဖို့ကို ပိုမို စိတ်အားထက်သန်နေပါတယ်။

လီဗာပူးနည်းပြအဖွဲ့ဟာ ဒီယက်ဇ်ကို ဘယ်တောင်ပံသမားအဖြစ် မမြင်ခဲ့သလို သူ ထွက်သွားခဲ့ရင် ဘယ်တောင်ပံထက် အထောင်တိုက်စစ်ကို အားဖြည့်ဖို့ပဲ အသင်းတာဝန်ရှိသူတွေက စိတ်ဝင်စားပါတယ်။

လီဗာပူးဒေတာအဖွဲ့ဟာ အီကီတီကီကို အများကြီး အကဲဖြတ်ထားပြီဖြစ်ကာ ကမ္ဘာ့အဆင့်ဖြစ်လာနိုင်သူလို့ မြင်ပါတယ်။ အာနယ် ဆလော့ကတော့ တိုက်စစ်မှာ အသင်းဖော်တွေကို ချိတ်ဆက်ပေးနိုင်မယ့် ဗျူဟာမြောက် တိုက်စစ်မှူးနေရာအတွက် သုံးလိုပါတယ်။

ဗြိတိန်သတင်းထောက် David Ornstein ရဲ့ အဆိုအရ မန်ချက်စတာ ယူနိုက်တက်ဘက်က အီကီတီကီကို ခေါ်ယူနိုင်ရေး ယခင်အပတ်က ဝင်ရောက် ကြိုးစားကြည့်သေးပေမယ့် ကစားသမားက လီဗာပူးကို စိတ်ယိုင်နေခဲ့ပါပြီ။

လီဗာပူးဘက်က အီဆက်အပေါ် စိတ်ဝင်စားမှုဟာ အခုချိန်ထိ အလေးအနက် ရှိနေဆဲပါ။ ဒီနွေဖြစ်စေ၊ လာမယ့်နွေမှဖြစ်စေ လီဗာပူးဘက်က အီဆက်ကို သဘောကျ ခေါ်ယူလိုမှုက ပြောင်းလဲမှာ မဟုတ်ပါဘူး။

မက်ဒရစ် အခြေစိုက် သတင်းတွေမှာ ဘယ်လိုပဲ လှော်ပေးနေကြသည်ဖြစ်စေ လီဗာပူးနဲ့ ကိုနတေးတို့ စာချုပ်သစ်ကိစ္စ ဆက်လက် စကားပြောကြပါမယ်။

ဘယ်အစွန်လူ အိုဝင်ဘက်ဟာ လာမယ့်ရာသီ ဒါဘီအသင်းထံ အငှားထွက်ကစားမှာဖြစ်ကာ အပြီးသတ်ကိစ္စတွေ လုပ်နေပါပြီ။

ပြီးခဲ့တဲ့ရာသီ အာနယ် ဆလော့ အတော်လေး သဘောကျခဲ့တဲ့ မက်ကော်နယ်ကို လက်ရှိ ရာသီကြိုမှာ မမြင်ရတာက ကြံ့ခိုင်မှုဆိုင်ရာ သံသယကြောင့်ဖြစ်ပါတယ်။