ဘယ်လင်ဟမ်ကို မခေါ်နိုင်တော့ဘူး ဟုတ်ပြီ ဒီတော့ လီဗာပူးက ဘယ်သူ့ကို ခေါ်ဖို့ ရည်ရွယ်လာခဲ့သလဲ

လီဗာပူးအသင်းဟာ ဒီနွေမှာ ဘယ်လင်ဟမ်ကို ခေါ်ယူရေး ကြိုးစားတော့မှာ မဟုတ်ပါဘူး။ တယ်လီဂရပ်မှ လီဗာပူး သတင်းထောက် Chris Bascombe ဖော်ပြတဲ့ အချက် ၃ ချက်ကို ကနဦး သိထားဖို့ လိုပါတယ်။

၁) အင်္ဂလန်လက်ရွေးစင်ဟာ ဒီနွေမှာ ဒေါ့မွန်ကနေ ထွက်ခွာမယ်လို့ သေချာကြီး ဆုံးဖြတ်ထားတာ မဟုတ်ပါဘူး။ ဘယ်လင်ဟမ်အတွက် ငွေကြေးက အဓိက မဟုတ်ပါဘူး။

၂) လီဗာပူးက ဘယ်လင်ဟမ်အတွက် ပေါင် ၁၃၀ သန်း ပေးမယ်ဆိုရင်တောင် ကစားသမားက အန်ဖီးကို သေချာပေါက် ရွေးချယ်မယ်လို့ မဟုတ်ပါဘူး။ ယာဂင်ကလော့ပ်ကတော့ ဘယ်လင်ဟမ်ကိုရဖို့ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့နဲ့ စျေးပြိုင်ပေး ကမ်းလှမ်းတာထက် အခြားသော ရည်ရွယ်ထားတဲ့ ပစ်မှတ်တွေကို ခပ်မြန်မြန်လေး ချိတ်ဆက်၊ ခေါ်ယူစေချင်ပါတယ်။

၃) ဘယ်လင်ဟမ်က လီဗာပူးကို ပြောင်းလာလိုရင်တောင် သူ့အတွက် ကုန်ကျစရိတ်ကို အသင်းဘက်က မတတ်နိုင်တော့ပါဘူး။ မနှစ်က နွေမှာ ဘယ်လင်ဟမ်အတွက် လီဗာပူးဘက်က စကားပြောထားခဲ့စဉ် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ဖြစ်ပေမယ့် ဒီနွေမှာတော့ ပေါင် ၁၃၂ သန်းဖြစ်ပါတယ်။ စာချုပ်ရဲ့ စုစုပေါင်း တန်ကြေးကတော့ ပေါင် သန်း ၂၀၀ ကျော်ပါမယ်။

ဒီအချိန်မှာ ပရိသတ်တိုင်း သိလိုနေကြတဲ့ တစ်ခုတည်းသော မေးခွန်းက ဒါဆိုရင် အသင်းက ဘယ်ကစားသမားကိုများ ခေါ်ယူမယ်လို့ ရည်ရွယ်နေပါလဲ?

အသင်းသတင်းထောက်တွေ အားလုံးနီးပါး ညွှန်းဆိုနေတာကတော့ ချယ်ဆီး ကွင်းလယ်လူ မေဆန်မောင့်ဟာ အသင်းရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်လာပါတယ်။ သူ့အတွက် လီဗာပူးဘက်က ပေါင် သန်း ၅၀ ဝန်းကျင် ရည်ရွယ်ပြီး ချယ်ဆီးဘက်က ပေါင် သန်း ၇၀ ရလိုနေပါတယ်။

မောင့်နဲ့ တွဲခေါ်မယ့် ကစားသမားက ကွင်းလယ်ခံစစ်ကို ပိုမို အားပြုမယ့်သူလို့ သိထားရပြီး Chris Bascombe က ကိုင်ဆီဒိုလို ပြောပါတယ်၊ James Pearce
ကတော့ အယ်လစ္စတာလို့ ပြောပါတယ်၊ Sky Germany ကတော့ ဒီကလန်ရိုက်နဲ့ ကိုင်ဆီဒိုလို့ ပြောပါတယ်။

သတင်းထောက် ရိုမန်နိုကတော့ လီဗာပူးဟာ ကွင်းလယ်လူ ၂-၃ ဦး ခေါ်ယူမယ်လို့ ဆိုထားပြီး ခန့်မှန်းချေအားဖြင့် ပေါင် သန်း ၇၀ တန် နှစ်ဦးနဲ့အတူ ဘိုင်ယန်မြူးနစ်မှ ဂရာဗန်ဘတ် ဒါမှမဟုတ် လူကာ ဆာချစ်တို့လို လူငယ် ကြယ်ပွင့် ကစားသမား တစ်ဦးကိုပါ ပူးတွဲ ခေါ်ယူမယ်လို့ ယူဆရပါတယ်။