အပြောင်းအရွှေ့ ကိစ္စအချို့နဲ့ နံနက်ခင်း လီဗာပူးသတင်းများ

လူးဝစ် ဒီယက်ဇ်ကို ဘိုင်ယန်မြူးနစ်ထံ ယူရို ၇၅ သန်းဖြင့် ရောင်းထုတ်ဖို့ လီဗာပူးဘက်က သဘောတူလိုက်ပါပြီ။ လီဗာပူးအသင်းဟာ ၂၀၂၇ ခုနှစ်ထိ စာချုပ်ရှိခဲ့တဲ့ ဒီယက်ဇ်ကို စာချုပ်သစ်အတွက် ၂ ကြိမ် ကြိုးစားခဲ့ပြီး သဘောတူညီမှု မရခဲ့တာလို့ သိရပါတယ်။

လီဗာပူးအသင်းဟာ လာမယ့်ရက်တွေအတွင်း တိုက်စစ်မှူး ဒါဝင်ကို ရောင်းချရေးအား ဆက်လက် ကြိုးစားနေပါတယ်။ ဥရုဂွေးတိုက်စစ်မှူးအတွက် လီဗာပူးဘက်က ပေါင် သန်း ၇၀ ရဖို့ မျှော်မှန်းပါတယ်။

အီဆက်ကို ခေါ်ယူရေး လီဗာပူးဘက်က စိတ်ဝင်စားနေဆဲဖြစ်ပေမယ့် မျက်ကန်းအသင်းလို ရူးမိုက်တဲ့ ကမ်းလှမ်းမှုတွေ ပေးမှာ မဟုတ်ဘဲ ထိုက်သင့်တဲ့စျေးနှုန်းဖြင့်ပဲ ဆွေးနွေးလိုပါတယ်။

အီကီတီကီ၊ အီဆက်လို တိုက်စစ်မှူး ၂ ဦး ရှိလာခဲ့ရင်တောင် ဗက်ဇ်ကို ကွင်းလယ်တိုက်စစ်သမား နေရာမှာပဲ ထားသုံးဖို့ အာနယ် ဆလော့က ဦးစားပေးဖွယ် ရှိပါတယ်။

လီဗာပူးအသင်းဟာ ဂူဟီထက်စာရင် အသက် ၂၀ ဝန်းကျင် ခံစစ်မှူးတစ်ဦးကိုပဲ ခေါ်ယူနိုင်ကြောင်း သတင်းအချို့ ထွက်လာပါတယ်။ ဒါဟာ ပဲလေစ့်ဘက်က ဂူဟီကို ရောင်းချဖို့ တွန့်ဆုတ်နေခြင်းကို လီဗာပူးဘက်က စိတ်ပျက်လာတာ ဒါမှမဟုတ် ကိုနတေးရဲ့ စာချုပ်အခြေအနေ တိုးတက်မှုရှိနေတာလို့ ယူဆစရာဖြစ်လာပါတယ်။

အေစီမီလန်နဲ့ပွဲကို အဖျားကြောင့် မပါနိုင်ခဲ့တဲ့ အန်ဒိုဟာ မာကာ၊ အီကီတီကီတို့နဲ့အတူ လာမယ့် ဗုဒ္ဓဟူးနေ့ ယိုကိုဟားမားနဲ့ပွဲမှာ ပါဝင်လာဖို့ ရှိပါတယ်။

လီဗာပူးအသင်းဟာ လက်ထောက်အသင်းခေါင်းဆောင် ရာထူးအတွက် ရွေးချယ်ထားပြီဖြစ်ကာ ရော်ဘတ်ဆန်နဲ့ မိုဆာလာတို့ထဲက တစ်ဦး သတင်းကြီးနေပါတယ်။ ရော်ဘတ်ဆန်ကတော့ သူ့ကို ရွေးချယ်ထားပြီဆိုတာက ကောလဟာလပါလို့ ငြင်းဆန်ပါတယ်။

ဆဲဖိုဒ့်စီးတီးအသင်းမှ ဆယ်ကျော်သက် တိုက်စစ်မှူး ဝဲလ်ရိုက်ကို ခေါ်ယူဖို့ လီဗာပူးက အာဆင်နယ်နဲ့ ပြိုင်ဆိုင်နေဆဲဖြစ်ပါတယ်။