

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံနေရာ ကာကွယ်ရေး စတင်လာတဲ့ ရာသီသစ်ကိုတော့ ၄-၂ ဆိုတဲ့ ရလဒ်ဖြင့် အဖွင့်ကောင်းခဲ့ပါတယ်။ သွင်းဂိုးတွေကိုလည်း ဟူဂို၊ ဂက်ပို၊ ခီယေဆာနဲ့ ဆာလာတို့လို တိုက်စစ်သမား ၄ ဦးက သွင်းယူခဲ့တာဖြစ်ပါတယ်။
ရာနှုန်းပြည့် မကြံ့ခိုင်သေးတဲ့ မာကာကို ပွဲထုတ်ရခြင်း
ပြီးခဲ့တဲ့ ရာသီအကုန်မှာ ဒဏ်ရာပြဿနာ ရှိခဲ့သလို ရာသီကြိုကိုလည်း မပူးပေါင်းနိုင်ခဲ့တဲ့ မာကာကို ပွဲထုတ်ရတာဟာ အသင်းဟန်ချက်ညီရေးအတွက် ဖြစ်ပါတယ်။
မနှစ်က အသင်းရဲ့ ကွင်းလယ်မှာ ဂရာဗင်ဘက်ချ်၊ ဆိုဘို၊ မာကာတို့ အဓိက အထိုင်အဖြစ် တွဲကစားခဲ့ပြီး ဒီရာသီ ဂရာဗင်ဘက်ချ် ပွဲပယ်ကြောင့် မပါနိုင်ချိန် မာကာကိုပဲ ဖယ်ထုတ်ကာ ဂျုံး၊ ဆိုဘို၊ ဗစ်ကို တွဲထုတ်လိုက်ရင် လူသစ်တွေများနေတဲ့ အသင်းက ဟန်ချက်ညီဖို့ စိုးရိမ်စရာဖြစ်ပါတယ်။
ဒါကြောင့် မာကာကို ပွဲထွက်စေကာ ဒုတိယပိုင်းမှာတော့ လူဟောင်း အများအပြားကို ပြန်ထည့်သုံးခဲ့ကာ အထိုင်ကျပြီး လူစာရင်းနဲ့ အသင်းရဲ့စိတ်ဓါတ်ပိုင်းကို ပြန်ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။
VAR ဆုံးဖြတ်ချက်နဲ့ လီဗာပူးပရိသတ် လူမျိုးရေးခွဲခြားမှု
ပွဲချိန် ၁၃ မိနစ်မှာ ဘုန်းမောက်ခံစစ်မှူး ဆီနယ်ဆီရဲ့ လက်ထိမှုဟာ ခံစစ်မှူးကို အနီကတ်ပြသင့်ပေမယ့် VAR ကတော့ ခွင့်မပြုခဲ့ပါဘူး။ ဆာလာရဲ့ ထူးချွန်တဲ့ ပေးချက်ကနေ ဟူဂို ဖောက်ထွက်ဖို့ ကြိုးစားချိန်မှာ ဆီနယ်ဆီက ရည်ရွယ်ချက်ပါပါ လက်ဖြင့် ဟန့်တားခဲ့တာဖြစ်ပါတယ်။
ကွင်းလယ်ဒိုင် အန်တိုနီ တေလာက ဖောင်းအဖြစ် မပေးဖို့ ဆုံးဖြတ်ခဲ့ပြီး VAR ကလည်း သဘောတူခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ အတော်လေး အငြင်းပွားဖို့ ကောင်းခဲ့ပါတယ်။
လီဗာပူးဘက်ခြမ်းမှာလည်း ပွဲချိန် မိနစ် ၃၀ လောက်မှာ ဝီးချဲပေါ်က အသင်းပရိသတ်တစ်ဦးက ဘုန်းမောက်တိုက်စစ်သမား ဆီမီညိုကို လူမျိုးရေးခွဲခြားတဲ့ စကားကို ဒေါသတကြီး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဆီမီညိုက ကွင်းလယ်ဒိုင်အား သူ့ကို ပြောဆိုမှုအပေါ် သတင်းပို့ခဲ့ချိန်မှာ တေလာက နှစ်သင်းတာဝန်ရှိသူတွေကို ခေါ်တွေ့ခဲ့ပါတယ်။
ရဲအဖွဲ့နဲ့ ကွင်းလုံခြုံရေးတွေက အဆိုပါ ပရိသတ်ကို ကွင်းထဲကနေ ခေါ်ထုတ်သွားခဲ့ပြီး ပွဲအပြီးမှာ လီဗာပူးဘက်က သတင်းထုတ်ပြန်ချက် လုပ်ပေးခဲ့ပါတယ်။
ဂျိုတာအတွက် ပရိသတ်တွေရဲ့ အောက်မေ့ခြင်း
ဒီပွဲဟာ ဂျိုတာမရှိတော့တဲ့နောက် ပထမဆုံး ပြန်ကစားတဲ့ အမှတ်ပေးပွဲဖြစ်ပြီး အန်ဖီးမှာ ပရိသတ်တွေက အကောင်းဆုံး နှုတ်ဆက်ခဲ့ကြပါတယ်။ မိနစ် ၂၀ မှာ သံပြိုင်သီဆိုမှုအပြင် အသင်းသားတွေကလည်း နံပါတ် ၂၀ ကို ကိုယ်စားပြုတဲ့ အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့တယ်။
ပွဲအပြီးမှာ ဆာလာရဲ့ မျက်ရည်ကျနေတဲ့ အခိုက်အတန့်က သူငယ်ချင်းဖြစ်သူအတွက် အဝတ်လဲခန်းရဲ့ စိတ်မကောင်းမှုကို ကိုယ်စားပြုပါလိမ့်မယ်။
ခံစစ်ယိုပေမယ့် နှားတစ်ဖျားသာနေတဲ့ နည်းစနစ်ဆရာ အာနယ် ဆလော့
ပြီးခဲ့တဲ့ရာသီ လီဗာပူးအသင်းဟာ တောင့်တင်းတဲ့ ခံစစ် စွမ်းဆောင်ရည်ဖြင့် စတင်ခဲ့သလို လူစားလဲမှုတွေဖြင့် နည်းစနစ်ပိုင်း ပြောင်းလဲနိုင်စွမ်းတွေဟာလည်း အထင်ကြီးဖွယ် ဖြစ်ခဲ့ပါတယ်။
ဒီရာသီမှာ အသင်းရဲ့ခံစစ်က ယိုစိမ့်မှုတွေ ရှိနေပေမယ့် အာနယ် ဆလော့ဟာ ပြိုင်ဘက်နည်းပြထက် နှားတစ်ဖျားသာနေခဲ့တာမျိုးရှိပြီး သူ့ရဲ့ လူစားလဲမှုတွေဖြင့် နည်းစနစ်ပိုင်း အပြောင်းအလဲ လုပ်ဆောင်ခြင်းတွေဟာလည်း ပွဲအပေါ် သက်ရောက်မှုကြီးမားခဲ့ပါတယ်။
သိသာထင်ရှားတာတွေက ဂိုးမက်စ်ကို အစွန်လူအဖြစ် ထည့်ပြီး အတွင်းထဲထိ ဝင်ကစားစေတာ၊ ဗစ်ကို ခီယေဆာနဲ့လဲကာ ဆာလာနဲ့ တိုက်စစ်မှာ တွဲဘက်ပေးလိုက်တာနဲ့ ဆိုဘိုကို ကွင်းအနှံ့ လိုက်ဖြည့်စေတာမျိုးတွေဖြစ်ပါတယ်။
ပွဲစတင်လာကတည်းက ရုပ်ပိုင်းဆိုင်ရာကော သန်မာမှုကော စိတ်ပိုင်းဆိုင်ရာ ပြင်းထန်မှုပါ ပေါင်းစပ်ကာ အဖွင့်ပွဲကို အားကောင်းကောင်းဖြင့် ယှဉ်ပြိုင်စေခဲ့တာက သဘောကျဖို့ကောင်းပါတယ်။ လီဗာပူးအသင်းဟာ အလုပ်တွေအများကြီး လုပ်ဖို့ လိုအပ်သေးသော်လည်း ရသင့်တဲ့ ၃ မှတ်ကို အရယူခဲ့ပါတယ်။
ကြယ်ပွင့်သစ် တောက်ပခြင်းနဲ့ လာဘ်ကောင်သစ် ပေါ်ထွက်လာခြင်း
လူသစ် ၄ ဦးလုံးကို ထုတ်သုံးခဲ့တဲ့ ဒီပွဲမှာ တိုက်စစ်မှူး ဟူဂိုရဲ့ ခြေစွမ်းဟာ သိသိသာသာကို ပရိသတ်ကြိုက်အောင် တောက်ပခဲ့ပါတယ်။ ဒီယက်ဇ် ဦးဆောင်စဉ်ကနဲ့ ကွဲပြားတဲ့ နံပါတ် ၉ သမားစစ်စစ်ရဲ့ ဦးဆောင်မှုဖြစ်သလို တစ်ဦးချင်း အမှားနည်းပြီး အသင်းဖော်တွေနဲ့ တွဲကစားနိုင်စွမ်းက ဒါဝင်ထက် အများကြီး သာလွန်ပါတယ်။
ဒါကြောင့်ပဲ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဟူဂိုအပြင် ဗစ်နေရာ လူစားဝင်လာပြီး ဆာလာဖြင့် တွဲဘက်ကာ တိုက်စစ်ကို ပုံဖော်ခဲ့တဲ့ ခီယေဆာရဲ့ အားမာန်ဖြင့် ကစားနိုင်စွမ်းဟာလည်း သဘောကျဖို့ ကောင်းခဲ့ပါတယ်။ ခီယေဆာဟာ ဒီရာသီ လီဗာပူးရဲ့ ဘာလ်ကောင်သစ်ဖြစ်လာဖို့ မျှော်လင့်ခံနေရပါတယ်။