ကလော့ပ်ထံ ခြေစွမ်း စမ်းသပ်မခံခင် ညာအစွန် ခံစစ်မှူးနေရာမှာ ခြေစွာပြနေတဲ့ လီဗာပူး ကြယ်ပွင့်

လီဗာပူးပရိသတ် အချို့ကတော့ ဂျုဝယ် ကွမ်းဆက် ဆိုတဲ့ ခံစစ်မှူးအကြောင်း ကြားဖူးကြပါလိမ့်မယ်။ ကလပ်ရဲ့ အကယ်ဒမီထွက်ဖြစ်ပြီး လူငယ်တန်း ခံစစ်မှူးတွေထဲမှာ အလားအလာ အရှိဆုံး ကြယ်ပွင့်ဖြစ်ပါတယ်။

မနှစ်ကနွေမှာ ယူ-၁၉ အဆင့် ယူရိုပြိုင်ပွဲကို အင်္ဂလန်အသင်း အောင်မြင်ခဲ့ရာမှာ ခံစစ်နှလုံးသားအဖြစ် ခြေစွမ်းထက်ခဲ့တဲ့ ကွမ်းဆက်ဟာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွင်း ပုံမှန် ပွဲထွက်ခွင့်အတွက် လိဂ်ဝမ်းကလပ် ဘရစ္စတို ရိုဗာ အသင်းထံ ရာသီဝက် အငှားထွက်ကစားခဲ့ပါတယ်။

လက်ရှိမှာတော့ ကလပ်ပွဲတွေ အဆုံးသတ်ကာ ကွမ်းဆက်က အင်္ဂလန် ယူ-၂၀ အသင်းနဲ့အတူ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နေပါပြီ။ ဒီကနေ့မှာ အင်္ဂလန်အသင်းရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေ စတင်ခဲ့ပြီဖြစ်ကာ ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

ကွမ်းဆက်ဟာ အင်္ဂလန် ယူ-၂၀ အသင်း လက်ရှိ ခင်ကျင်းနေတဲ့ ခံစစ် ၃ ယောက်တန်းရဲ့ ညာခြမ်း ခံစစ်မှူး နေရာမှာ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တယ်။ သူဟာ အင်္ဂလန် ယူ-၂၀ အသင်းရဲ့ နောက်ထပ် ပွဲတွေမှာလည်း ပုံမှန် ပွဲကစားခွင့် ရရှိသွားဖွယ် ရှိနေပါတယ်။

အင်္ဂလန်အသင်းနဲ့အတူ ရှုံးထွက်နဲ့ အမြင့်ဆုံး အဆင့်တွေမှာ ပါဝင် ယှဉ်ပြိုင်နိုင်ဖို့ ကွမ်းဆက်က ရည်ရွယ်နေမှာဖြစ်ပြီး လာမယ့်ရာသီ ရာသီကြိုမှာတော့ ကလော့ပ်ရဲ့ နည်းပြအဖွဲ့ထံ ခြေစွမ်း စမ်းသပ်ခံဖို့ ပူးပေါင်းသွားမှာပါ။

အသက် ၂၀ အရွယ် ကွမ်းဆက်ဟာ ရုပ်ပိုင်းဆိုင်ရာ အားကောင်းပြီး လျှင်မြန်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ဒီလအတွင်းမှာပဲ လီဗာပူးအသင်းနဲ့ ကာလရှည် စာချုပ် ချုပ်ဆိုထားသူမို့ အသင်းမှာ အနာဂတ်ရှည် ရှိထားသူ ဖြစ်ပါတယ်။

လီဗာပူးနည်းပြအဖွဲ့က စနစ်သစ်မှာ ထရန့် ကွင်းလယ်ထံ ဝင်ရောက်သွားစဉ် ညာခြမ်း အစွန်နေရာ ဖြည့်ကစားနိုင်မယ့် ဗဟိုခံစစ်မှူး အလိုရှိနေတာဖြစ်လို့ ကွမ်းဆက်ဟာ စီနီယာအသင်း လိုအပ်ချက်ကို ဖာထေးပေးနိုင်မယ့် ကြယ်ပွင့် ကစားသမား ဖြစ်လာနိုင်မလား စောင့်ကြည့်ရပါလိမ့်မယ်။