

နူမိုဟာရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးဖြင့် နယူးကာဆယ်ကို အနိုင်ရပြီးတဲ့နောက် စကားစမြည်း ပြောစရာတွေကို LFCThaDin ဖတ်ရှုသူတွေအတွက် ဖော်ပြလိုပါတယ်။
ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဘောလုံးမကစားခဲ့တဲ့ပွဲ
စိန့်ဂျိမ်းပက်မှာ နယူးကာဆယ်နဲ့ လီဗာပူးအသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ နှစ်သင်းက ဘောလုံးကို ခြေထောက်ထဲထားပြီး ကစားတာဟာ ပွဲချိန်ရဲ့ ၄၀% ပဲရှိခဲ့ပါတယ်။ ဒါဟာ ၂၀၁၀ နောက်ပိုင်း ဘောလုံးကိုင်ကစားကြမှု အနည်းဆုံးပွဲဖြစ်ခဲ့ပါတယ်။ ပွဲချိန် အများစုဟာ ဖျက်ထုတ်မှုတွေ၊ တစ်ဦးချင်း တိုက်ခိုက်မှုတွေဖြင့်ပဲ အားပြိုင်ခဲ့ကြတာပါ။
အီဆက်ကိစ္စကြောင့် နှစ်သင်းကြား တင်းမာမှုတွေရှိနေခဲ့ပြီး ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာ အားပြိုင်မှုနဲ့ ရည်ရွယ်ချက်ပါတဲ့ တိုက်ခိုက်မှုတွေဟာ ပွဲစကနေ ပွဲအဆုံးထိ ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ နည်းပြအာနယ် ဆလော့ကတော့ နယူးကာဆယ်က ဘောလုံးကစားတာမှ မဟုတ်ဘဲလို့ မှတ်ချက်ပေးခဲ့ရပါတယ်။
နိုင်ပွဲရနေပေမယ့် ကျစ်လစ်မှုမရှိတဲ့ ချန်ပီယံ
လီဗာပူးအသင်းဟာ ဘုန်းမောက်၊ နယူးကာဆယ်တို့လို ကစားအားကောင်းပြီး ခက်ခဲတဲ့ ပြိုင်ဘက်တွေကို အနိုင်ယူနေတယ်ဆိုပေမယ့် အသင်းကစားဟန်ဟာ ဟန်ချက်ညီမှု မရှိတာက အတော်လေး သိသာပါတယ်။
ဘယ်အစွန်လူ ကာကက်ဇ်ဟာ အသင်းနဲ့ အံမဝင်သေးသလို ပရီးမီးယားလိဂ်ကစားသမားသစ် ဗစ်ထံကလည်း တောက်ပတဲ့ ခြေစွမ်းတွေ မမြင်ရသေးပါဘူး။ ညာအစွန်ကလည်း တစ်ပွဲကို တစ်ယောက် ပြောင်းကစားနေရပြီး ကိုနတေးရဲ့ မတည်ငြိမ်တဲ့ ခြေစွမ်းကပါး စကားပြောဖို့ဖြစ်လာနေတယ်။
ပွဲစဉ် ၃ မှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ကာ လီဗာပူးအသင်း ခံစစ်က ဂိုးမပေးရအောင် ကြိုးစားနိုင်ဖို့ လိုအပ်နေသလို အခွင့်အရေးနဲ့ ဂိုးကန်သွင်းချက်တွေ အများကြီး ခွင့်ပြုနေရတာကိုလည်း ဖာထေးဖို့ လိုအပ်နေပါတယ်။
တစ်ဦးချင်း အမှားတွေနဲ့ ပေးဂိုးများ
နယူးကာဆယ်ပွဲမှာ လီဗာပူးပေးလိုက်ရတဲ့ ဂိုးတွေဟာ ခံစစ်ပိုင်းဆိုင်ရာ တစ်ဦးချင်း မှားယွင်းတဲ့ အမြင်တွေကြောင့်ပဲဖြစ်ပါတယ်။ ကိုနတေးနဲ့ ကာကက်ဇ်တို့ရဲ့ ဆုံးဖြတ်ချက် လွဲမှားမှုတွေကြောင့်ပဲ အသင်းက ဂိုးတွေပေးနေရတယ်။
ကွင်းအတွင်းမှာ လီဗာပူးအသင်းဟာ ရုပ်ပိုင်းဆိုင်ရာ အားပြိုင်မှု အများအပြား ရင်ဆိုင်ခဲ့ရသလို အမြင့်ဘော အများကြီးကိုလည်း ခုခံခဲ့ရတာရှိပါတယ်။ ဒီပွဲမှာ ဗန်ဒိုက်နဲ့ ဆိုဘိုတို့ အတော်လေး ကောင်းခဲ့တာကပဲ လီဗာပူးအသင်းကို ကယ်တင်ခဲ့တာပါ။
အထူးသဖြင့် ဗန်ဒိုက် မပါခဲ့ရင် ဒီပွဲကို လီဗာပူးနိုင်စရာမရှိပါဘူး။ အသင်းခေါင်းဆောင်ဟာ လေထဲမှာ ပျံဝဲနေသလို ဂေါ်ဒန်ကြောင့် ဒဏ်ရာရခဲ့ပေမယ့် နယူးကာဆယ် ကစားသမားတွေကို ထိပ်တိုက်ရင်ဆိုင်ပြီး ဧရိယာထဲ ဝင်လာတဲ့ ဘောလုံးမှန်သမျှကို ရှင်းလင်းပေးခဲ့ပါတယ်။
တိုက်စစ်အားပျော့မှုကို ဖာထေးပေးနေတဲ့ ဟူဂို
ဒီရာသီအစ ပွဲစဉ် ၂ ပွဲမှာတင် လီဗာပူးတိုက်စစ်ဟာ သွင်းဂိုး ၇ ဂိုးထိရထားပြီဖြစ်ကာ တိုက်စစ်မှူးသစ် အတ်ကီတီကေက ၂ ဂိုး သွင်းယူပေးထားပါတယ်။ တိုက်စစ်က ဂိုးရနေပေမယ့် လီဗာပူးအသင်းရဲ့ တိုက်စစ်အစုအဖွဲ့က အားပျော့နေပါတယ်။
ဒီယက်ဇ်နဲ့ ဒါဝင်ကို ရောင်းချထားပြီး ဂျိုတာလည်း မရှိတော့ချိန် အသင်းရဲ့ တိုက်စစ်မှာ ဟူဂို တစ်ဦးတည်း အားဖြည့်ထားနိုင်တာပါ။ ဗစ်နဲ့ ဖရန်းပေါင်းတို့ကို တိုက်စစ်အတွက် သုံးနိုင်တယ်လို့ နည်းပြအာနယ် ဆလော့က ပြောပေမယ့် သူတို့အတွက် ရည်ရွယ်ထားတာဟာ တိုက်စစ်ပိုင်းအတွက် မဟုတ်ပါဘူး။
စျေးကွက်မပိတ်ခင် လီဗာပူးဘက်က တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့လိုနေပြီး ဆာလာ၊ ဟူဂို၊ ဂက်ပိုတို့နဲ့ နေရာပြိုင်ဆိုင်စေရမှာဖြစ်ပါတယ်။ အခြားသော တိုက်စစ်သမားအဖြစ် ခီယေဆာနဲ့ နူမိုဟာတို့ပဲ ရှိနေပါတယ်။
သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်
နူမိုဟာနဲ့ ပတ်သက်လာရင် ပြောစရာ ၂ ခုရှိပါတယ်။ ပထမတစ်ခုကတော့ မနှစ်ကရာသီ အသက် ၁၅ နှစ်အရွယ် တိုက်စစ်သမားဟာ စီနီယာလေ့ကျင့်ရေးကို လာပြီး စီနီယာတွေကို အရှက်ခွဲခဲ့ပါတယ်။ သူ့ရဲ့ ထူးချွန်တဲ့ တစ်ဦးချင်းစကေးအောက်မှာ စီနီယာအချို့ ပြိုလဲခဲ့တာကြောင့် အသင်းဟာ အဲ့ဒီ ဗီဒီယိုကလစ်တွေကို လူအများ မမြင်စေဖို့ ဖျက်ချခဲ့ရပါတယ်။
ဒီနွေမှာ လီဗာပူးအသင်းဟာ တောင်ပံအတွက် ကစားသမားသစ် အင်အားဖြည့်ဖို့ ပလန်ရှိခဲ့ပါတယ်။ ဒါပေမယ့် ရာသီကြိုလေ့ကျင့်ရေးက နူမိုဟာရဲ့ ခြေစွမ်းနဲ့ အလားအလာကို မြင်ပြီးနောက်မှာ အသင်းက ကျောက်ရိုင်းတစ်ပွင့် ရထားပြီဆိုတာကို နားလည်ခဲ့လို့ သူ့တက်လှမ်းမပိတ်အောင် တောင်ပံသမား ခေါ်ယူရေးကို ရပ်တန့်ခဲ့ပါတယ်။
ဒီသတင်းစကားတွေက လူကြားကောင်းအောင် လုပ်နေတာ မဟုတ်ကြောင်း ကွင်းထဲ ကစားခွင့်ရတိုင်း နူမိုဟာက ပြသနေပါတယ်။ အခုဆိုရင် တောင်ပံအတွက် လူငယ်ကြယ်ပွင့်တစ်ဦးကို ပေါင် သန်း ၅၀ လောက်သုံးမလား နူမိုဟာကို နေရာပေးမလားဆိုရင် လူတိုင်းက ဒုတိယတစ်ခုကိုပဲ ပိုပြီး အလေးပေးလာနေကြပါပြီ။