ပျင်းစရာ ပြိုင်ဘက်ကို ဖိဖိစီးစီး မကစားနိုင်ခဲ့ခြင်း၊ အရှိန်ရလာတဲ့ ကာကက်ဇ်၊ ပွဲကို နိုင်စေတဲ့ ဆိုဘိုနဲ့ အာဆင်နယ်ပွဲအပြီး စကားစမြည်းပြောစရာများ

အန်ဖီးကွင်းမှာ အနီးကပ်ပြိုင်ဘက်ကို အနိုင်ယူကာ ၃ ပွဲကစား ၃ ပွဲနိုင် ရမှတ် ၉ မှတ်ဖြင့် ပရီးမီးယားလိဂ်ကို ဦးဆောင်အပြီး စကားစမြည်း ပြောစရာတွေကို LFCThaDin ဖတ်ရှုသူတွေအတွက် ဖော်ပြမှာဖြစ်ပါတယ်။

သွေးနွေးဖို့ လိုအပ်နေတဲ့ ချန်ပီယံတွေ

ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ ကလပ် ၂ သင်း ယှဉ်ပြိုင်ကစားရာမှာ လီဗာပူးအသင်းဟာ ဘောလုံးကစားလိုတဲ့ အသင်းဖြစ်ခဲ့ပါတယ်။ ပြိုင်ဘက် အာဆင်နယ်ရဲ့ ခြေစွမ်းဟာ ခံစစ်ကို အားသန်နေပြီး ပျင်းရိစရာကောင်းတဲ့ ကစားဟန်မျိုးကို ဦးတည်လာခဲ့တယ်။

အာဆင်နယ်တို့ တိုက်စစ်ပိုင်းမှာ လူသစ်တွေ အတော်လေး အားဖြည့်ထားပုံအရ ဒီပွဲမှာ တိုက်စစ်ကောင်းကောင်းနဲ့ အားထုတ်မယ် မှန်းဆခဲ့တာပါ။ အာဆင်နယ်ရဲ့ ကစားဟန်ဟာ မနှစ်ကနဲ့ အရမ်းတော့ မကွာလှဘဲ အရဲစွန့်ကစားဖို့ အားနည်းပြီး မရှုံးရင် ကျေနပ်တဲ့ သဘောထားမျိုး ရှိတာက အစောပိုင်း ရုန်းကန်နေရတဲ့ အသင်းအတွက်တော့ သက်သာရာရစေခဲ့တယ်။

ဒါကြောင့်ပဲ ပထမပိုင်း လီဗာပူးအသင်းရဲ့ ခြေစွမ်းက ပိုစိတ်ပျက်စရာဖြစ်ခဲ့တာပါ။ အာဆင်နယ်က တိုက်စစ်ကစားလိုစိတ် မရှိချိန် ဖိဖိစီးစီးကစားရမယ့် လီဗာပူးထံက တိုက်စစ်ပိုင်း လှုပ်ရှားမှုတွေ အားနည်းလှသလို အချင်းချင်း နားလည်မှုတွေ လွဲမှားလှပြီး နိုင်လိုတဲ့ ရည်မှန်းချက်မျိုး မရှိတာက ဒေါသထွက် စိတ်ပျက်ဖို့ကောင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အန်ဖီးကွင်းက လီဗာပူးပရိသတ်တွေရဲ့ ပိုမို အုံကြွလာတဲ့ အသံတွေ၊ ကစားသမားတွေရဲ့ ကြိုးစားလိုစိတ် ပေါ်ထွက်လာမှုတွေကပဲ နိုင်ပွဲထံ ဦးတည်သွားစေတဲ့ အပြောင်းအလဲဖြစ်လာခဲ့တယ်။

ပထမပိုင်းမှာ မမြင်ခဲ့ရတဲ့ ပြိုင်ဘက် ဧရိယာဘောက်တဝိုက် ဘောလုံးကစားလာနိုင်စွမ်း၊ ဧရိယာအတွင်း တိုးဝင်နိုင်စွမ်းတွေ တိုးတက်လာတဲ့အပြင် တစ်ဦးချင်း ယှဉ်ပြိုင်မှုနဲ့ တိကျတဲ့ ပေးမှုတွေကို ဒုတိယပိုင်းမှာ ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ဗစ် အသားကျဖို့ လိုသေးပြီး ကာကက်ဇ် အရှိန်ရလာနေခြင်း

အာနယ် ဆလော့ဟာ ဒီရာသီ လီဗာပူးပွဲထွက်လူစာရင်းမှာ ဘယ်အစွန်လူ ကာကက်ဇ်၊ ကွင်းလယ်လူ ဗစ်၊ တိုက်စစ်မှူး ဟူဂိုတို့ကို ဆက်တိုက် ထည့်သုံးနေရာမှာ ဟူဂိုတစ်ဦးထဲ တောက်ပတဲ့ ခြေစွမ်းပြသထားခဲ့ပါတယ်။

ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဗစ်ဟာ နယ်မြေသစ်မှာ အသားကျဖို့ ရုန်းကန်နေရဆဲဖြစ်တယ်။ အသင်းဖော်တွေနဲ့ ချိတ်ဆက်ရာမှာလည်း အထိုင်မကျသေးတဲ့ အခြေအနေပါ။ အာဆင်နယ်နဲ့ပွဲ ပထမပိုင်းမှာဆိုရင် သူ့ရဲ့ ခြေစွမ်းဟာ မျှော်လင့်ထားသလို ဟုတ်မနေခဲ့တာ မြင်သာလှပါတယ်။

ဘောလုံးရာသီအစ ဖြစ်သလို ကစားသမားတွေ အရှိန်ရဖို့လိုနေချိန်မှာ ဗစ်က ပွဲကစားခွင့်နဲ့ မာကျောတဲ့ ပြိုင်ဘက်တွေကို ထိတွေ့ခွင့်တွေ ဆက်တိုက်ရနေတယ်။ ဗစ်ရနေတဲ့ ပွဲချိန်တွေဟာ လာမယ့်လတွေမှာ သူအသားကျလာရေး အရေးပါပါလိမ့်မယ်။

ဘယ်အစွန်လူသစ် ကာကက်ဇ်ကတော့ စတင်ကာ ခြေစွမ်းပြလာနိုင်နေပါတယ်။ တောင်ပံမှာ ပြေးနှုန်းကောင်းတဲ့ တောင်ပံသမား မာဒူခီကို ကောင်းကောင်းထိန်းပြခဲ့တယ်။ အမှားအတော် နည်းခဲ့ပြီး ရင်ဆိုင်ရခက်မယ့် ဘယ်အစွန်လူအဖြစ် ရှုမြင်လာနေရပါပြီ။

ပွဲကို နိုင်စေခဲ့တဲ့ ဆိုဘို

အာဆင်နယ်ပွဲမှာ လီဗာပူးကို အနိုင်ရစေတာကတော့ ဆိုဘိုပါပဲ။ သူ့ရဲ့ ကွင်းလယ်နေရာကနေ ဖယ်ပေးလိုက်ရပေမယ့် ဆိုဘိုက ထားတဲ့ နေရာတိုင်းမှာ အကောင်းဆုံး ကြိုးစားနေတယ်။ သူ့ရဲ့ တည်ကန်ဘောဟာဆိုရင် ဒီရာသီ အကောင်းဆုံးသွင်းဂိုးတောင် ဖြစ်သွားနိုင်ပါတယ်။

အပြစ်ပြောစရာမရှိအောင်ကို ခြေစွာနေတဲ့ ဆိုဘိုဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ပါတယ်။ မကုန်ဆုံးနိုင်တဲ့ လှုပ်အား၊ တရစပ်သော ဖိအားပေးမှုတွေနဲ့အတူ ပွဲထွက်လူစာရင်း ဖယ်ထုတ်လို့ကို မရတဲ့ အသင်းသားဖြစ်လာနေပါတယ်။

လူစာရင်း လိုအပ်ကြောင်း ပြသခဲ့တဲ့ အာနယ်

နည်းပြအာနယ်ဆလော့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လူစားလဲမှုတွေနဲ့အတူ အသင်းရဲ့ ကစားဟန်ကို ချိန်းပြတာ၊ ရလဒ်ကို သက်ရောက်စေတာမျိုးတွေ ပြုလုပ်ပြခဲ့ပေမယ့် ဒီရာသီမှာတော့ ရိုးရှင်းတဲ့ လူစားလဲမှုအချို့တွေကို လုပ်ပြနေပါတယ်။

မာကာနေရာ ဂျုံးနဲ့ လဲတာ၊ ဟူဂိုနေရာမှာ ခီယေဆာကို လဲလိုက်တာမျိုးဟာ နည်းစနစ်ပိုင်း ပြောင်းလဲလိုတာထက်စာရင် ကစားအားကျလာသူတွေနေရာ အပြောင်းအလဲ ပြုလုပ်တဲ့သဘောမျိုး ပိုဆန်နေတယ်။ ခီယေဆာဟာ လူစားဝင်လာချိန်တိုင်း အထောင်တိုက်စစ်သမားနေရာပဲ ဝင်ကစားနေတာဖြစ်ပါတယ်။

အခု အီဆက်ကို ရခဲ့ပြီမို့ အာနယ် ဆလော့ဟာ တိုက်စစ်မှူး ၂ ဦး တွဲကစားစေမယ့် ၄-၄-၂ ပုံစံကစလို့ တိုက်စစ်ပိုင်း ပြောင်းလဲမှုတွေ အများအပြား လုပ်လာနိုင်ဖွယ် ရှိပါတယ်။

လီဗာပူးက ဟန်ချက်မညီပေမယ့် အနိုင်ယူဖို့ ခက်ခဲနေဆဲ

ဒီရာသီမှာ အားလုံးထောက်ပြနေကြတဲ့ လီဗာပူးရဲ့ ပြဿနာကတော့ ခံစစ်ပိုင်း ယိုယွင်းနေပြီး ပြိုင်ဘက်ကို အခွင့်အရေးတွေ လွယ်လွယ်ကူကူ ပေးနေရတာပါပဲ။ လီဗာပူးရဲ့ ယိုပေါက်ကို ဝေဖန်ရင်တောင် ဘယ်သူကမှတော့ လီဗာပူးအသင်းဟာ အနိုင်ယူဖို့ လွယ်ပါတယ်လို့ မပြောရဲကြပါဘူး။

ပရီးမီးယားလိဂ်ရဲ့ အင်အားအတောင့်တင်းဆုံးတွေထဲက တစ်သင်းဖြစ်တဲ့ အာဆင်နယ်ဟာ လူအင်အားအပြည့်အစုံနဲ့ အန်ဖီးကို ရောက်လာခဲ့ပေမယ့် လီဗာပူးကို တိုက်စစ်ဖွင့် မကစားရဲခဲ့ပါဘူး။ ပွဲချိန် ၁ နာရီနီးပါးလောက်ထိ လီဗာပူးထံက လောက်လောက်လားလား ခြေစွမ်း မမြင်ရပေမယ့် အောက်စည်းကနေ ကစားနေရတာ မဟုတ်ဘဲ ဘောလုံးကို ရထားပါရဲ့ ကိုယ့်ဘာသာပဲ တိုင်ပတ်နေတာပါ။

အသင်းလိုက် ဟန်ချက်မညီသေးဘဲ အကောင်းဆုံး ခြေစွမ်း မရသေးတာတောင်မှပဲ လီဗာပူးမှာ အရည်အချင်းတွေရှိနေတယ်။ ဘယ်လို ပြိုင်ဘက်မဆိုကိုလည်း အနိုင်ယူနိုင်စွမ်း ရှိနေတယ်ဆိုတာ အာဆင်နယ်ပွဲမှာ ပြသခဲ့ပါတယ်။