လီဗာပူးအသင်း ၂၀၂၅ နွေစျေးကွက်မှာ အသုံးစရိတ် ဘယ်လောက် ထုတ်သုံးခဲ့လဲ

လီဗာပူးအသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဆွီဒင်တိုက်စစ်မှူး အီဆက်ကို နယူးကာဆယ်ကနေ ပေါင် ၁၂၅ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။

၂၀၂၅ နွေစျေးကွက်မှာ အီဆက်၊ ဗစ်၊ အက်ကီတီကေ၊ ကာကက်ဇ်၊ ဖရန်းပေါင်၊ လီယိုနီ၊ မာမာဒီရှီဗီလာ၊ ပက်ဆီတို့ကို ခေါ်ယူရေးအတွက် လီဗာပူးအသင်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀၀ ကျော် အသုံးပြုခဲ့ပါတယ်။

ဒီနေရာမှာ သတင်းဌာနတွေဟာ ကနဦးကြေး၊ ထပ်တိုးကြေးတွေအပေါ် မူတည်ပြီး တွက်ချက်မှုတွေ မတူညီကြသေးတာကို သတိပြုကြဖို့ လိုပါတယ်။ ဥပမာအားဖြင့် BBC က ဖော်ပြတဲ့ လီဗာပူးရဲ့ နွေအသုံးစရိတ်က ပေါင် ၄၁၅ သန်းဖြစ်ပြီး The Athletic က ဖော်ပြတဲ့ နွေအသုံးစရိတ်က ပေါင် ၄၂၀ သန်းဖြစ်ကာ Skysports ကတော့ ၄၄၆.၅ သန်းအဖြစ် ဖော်ပြပါတယ်။

ဒါ့အပြင် အက်စတွန်ဗီလာက ဟာဗေးကို ပေါင် ၃၅ သန်းဖြင့် အပြီးသတ် ခေါ်ယူခွင့်ကိုလည်း ထည့်တွက်ပုံခြင်း မတူညီကြပါဘူး။ အချို့သတင်းဌာနက ကစားသမား ငှားရမ်းခ ပေါင် ၅ သန်းကိုပဲ ထည့်တွက်ပြီး အချို့က လုံးဝ ထည့်မတွက်သလို အချို့က ပေါင် ၃၅ သန်းလုံး ထည့်တွက်ကြပါတယ်။

ဂုဏ်သိက္ခာရှိ လီဗာပူးသတင်းထောက် paul joyce ကတော့ လက်ရှိ စျေးကွက်မှာပဲ လီဗာပူးအသင်းဟာ ကစားသမား အများအပြားကို ထုတ်ရောင်းခဲ့ကာ ပေါင် ၂၃၆ သန်း ရဖို့ အာမခံချက်ရှိထားတယ် ဆိုပါတယ်။ ဒါ့အပြင် ထပ်တိုးကြေးတွေနဲ့ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၂၆၂ သန်းထိ ရဖို့ ကြိုးစားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Paul Joyce မနှစ်နွေကနေ ယခုနွေစျေးကွက်အထိ လီဗာပူးရဲ့ ကစားသမား ရောင်းချမှုဟာ ပေါင် ၂၈၈.၅ သန်း ပြန်ရခဲ့ပြီး ထပ်တိုးကြေးတွေ ရောက်မယ်ဆိုရင် ပေါင် ၃၂၄.၅ သန်းထိ ရရှိမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေမှာ ခီယေဆာတစ်ဦးတည်းကို ပေါင် ၁၂.၅ သန်း အသုံးပြုကာ ခေါ်ယူခဲ့ပါတယ်။

ဒါကြောင့် ယေဘုယျအားဖြင့် လက်ရှိ နွေစျေးကွက်မှာ လီဗာပူးအသင်းဟာ အသုံးစရိတ် ပေါင် သန်း ၄၀၀ ကျော် အသုံးပြုခဲ့ပြီး အသားတင် အသုံးစရိတ် ပေါင် သန်း ၂၀၀ ကျော်ရှိမယ်လို့ သတင်းဌာနတွေက တူညီစွာ ဖော်ပြခဲ့ပါတယ်။