နောက်ဆုံးမိနစ် သွင်းဂိုးဖြင့် နိုင်ပွဲ ရခဲ့ခြင်း၊ အီဆက်ရဲ့ ပွဲဦးထွက်၊ တိုးတက်လာတဲ့ ဗစ်နဲ့ အေတီကို နိုင်ပွဲမှ စကားစမြည်း ပြောစရာများ

အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲကို ဗန်ဒိုက်ရဲ့ နောက်ကျ သွင်းဂိုးနဲ့အတူ လီဗာပူးတို့ အနိုင်ရခဲ့ပါတယ်။

ဒီရာသီမှာ မြင်နေရတဲ့အတိုင်း နိုင်ပွဲရဖို့ နောက်ဆုံးမိနစ်တွေအထိ လီဗာပူးအသင်း ကြိုးစားနေရဆဲဖြစ်ကာ ပွဲအတွင်း စကားစမြည်း ပြောစရာတွေကို LFCThaDin ဖတ်ရှုသူတွေနဲ့အတူ လေ့လာကြည့်ပါမယ်။

နိုင်ပွဲ ရှာပြခဲ့ပြန်တဲ့ လီဗာပူး

ရိုဘို၊ ဆာလာတို့ရဲ့ ပွဲအစမိနစ်တွေမှာ သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့အတူ သက်သက်သာသာ ဦးဆောင်ခဲ့ပေမယ့် လွယ်ကူတဲ့ ပွဲမျိုးတော့ ဖြစ်မလာခဲ့ပါဘူး။ အသင်းရဲ့ ခံစစ်က ဂိုးတွေ ပြန်ပေးရခြင်းနဲ့အတူ နိုင်ပွဲအတွက် နောက်ဆုံးမိနစ်ထိ ယှဉ်ပြိုင်ရဖို့ ဖြစ်ခဲ့ပြန်တယ်။

အသင်းဟာ အရှိန်ကောင်းကောင်းနဲ့ ဒီပွဲကို ကစားခဲ့တာဖြစ်ပြီး ဂိုးတွေ ထပ်ရနိုင်တဲ့ အခိုက်အတန့်တွေ ရှိပေမယ့် ဖြုန်းတီးခဲ့ပါတယ်။ အေတီကိုလို ခပ်ညစ်ညစ်ကစားတဲ့ အသင်းကို ရင်ဆိုင်ရာမှာ ကိုယ့်ဘက်က အမှားနည်းနိုင်ဖို့အပြင် အခွင့်အရေးရရင်လည်း ယူနိုင်ဖို့က အရေးကြီးပါတယ်။

လီဗာပူးအသင်းဟာ အကောင်းဆုံးတွေကို လုပ်နိုင်စွမ်း ရှိနေသလိုပဲ ခပ်လွယ်လွယ် ဖြုန်းတီးတာတွေလည်း လုပ်နေဆဲပါ။ အက်ကီတီကေရဲ့ ပိတ်ချက် မိုးထောင်ခဲ့တာမျိုးဟာ မဖြစ်သင့်တဲ့ ဖြုန်းတီးမှုပဲဖြစ်ပြီး ဗန်ဒိုက်ပြောသလိုပါပဲ နောက်ဆုံးမှာတော့ အနိုင်ရမယ့် နည်းလမ်းကို ရှာတွေ့နိုင်ခဲ့ပါတယ်။

အီဆက်ရဲ့ ပွဲဦးထွက်

ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် အီဆက်ဟာ ဒီပွဲမှာ နံပါတ် ၉ သမားအဖြစ် ၅၇ မိနစ်ခန့် ကစားခွင့်ရခဲ့ပါတယ်။ ပထမပိုင်းမှာ ဘောလုံးထိချက်နဲ့ ဘောလုံးပေးနိုင်စွမ်းတွေဟာ အတော်လေး နည်းခဲ့ပေမယ့် သူ့ ဘောလုံးရတိုင်း ပရိသတ်တွေထံက ဩဘာပေးသံတွေဟာ တိုက်စစ်မှူးအပေါ် အသင်းပရိသတ်တွေရဲ့ ကြီးမားတဲ့ မျှော်လင့်ချက်ကို ခံစားမိစေပါတယ်။

တိုက်စစ်ပိုင်းနဲ့ ဘယ်ခြမ်း တိုက်စစ်ဧရိယာတွေက တဆင့် အီဆက်ဟာ ဗစ်နဲ့ အကောင်းဆုံး တွဲဘက်ခဲ့တာမျိုးတွေ မြင်ခဲ့ရပြီး ဧရိယာထိပ်ကနေ ကန်ချက်တစ်ကြိမ်နဲ့ ဗစ်ထံကို ဂိုးရလုဖြစ်လောက်တဲ့ အခိုက်အတန်းမျိုး ဖန်တီးပေးနိုင်ခဲ့တာက သဘောကျစရာပါ။

ဒုတိယပိုင်းမှာ နည်းပြဆလော့က ၁၀ မိနစ်ဝန်းကျင် ထပ်ပေးကစားခဲ့ပြီး အီဆက်ကို ပွဲနေ့ ကြံ့ခိုင်ရေး အမြန်ရစေဖို့အတွက် ဖန်တီးပေးခဲ့ပါတယ်။ ဂိုးမရပေမယ့် အီဆက်ကို အန်ဖီးပရိသတ်ရဲ့ ကြိုဆိုမှုက ကောင်းမွန်ခဲ့ပါတယ်။

တောက်ပခဲ့တဲ့ ဂရာဗင်ဘက်ချ်၊ ဆာလာ

ရာသီစပွဲကို လွဲချော်ခဲ့တဲ့ ဂရာဗင်ဘက်ချ်နဲ့ ကလပ်ရဲ့ ပင်တိုင် ဂိုးသွင်းရှင် ဆာလာတို့ဟာ အစောပိုင်းပွဲတွေမှာ အထနှေးနေပေမယ့် ပွဲတွေကန်လာလေ အကောင်းဆုံး ခြေစွမ်းတွေ ပြန်ရလာလေပါ။

ကွင်းလယ်မှာ ဂရာဗင်ဘက်ချ်ထံက လိုအပ်ချက် အချို့ကို မြင်နေရဆဲဖြစ်သည့်တိုင် သူဟာ ကမ္ဘာ့အဆင့် ကွင်းလယ်လူတစ်ဦးအဖြစ်ကို တောက်ပလာနေတယ်။ သူ့ရဲ့ လှည့်ထွက်ချက်၊ ပေးချက်တိုင်းက လီဗာပူးအသင်းရဲ့ တိုက်စစ်ကို သိသိသာသာ သက်ရောက်စေပါတယ်။ ပထမပိုင်းမှာ မြင်ရတဲ့ ဂရာဗင်ဘက်ချ် ခြေစွမ်းက သူ့ကို ပွဲထွက်လူစာရင်းကနေ လုံးဝ ဖယ်ထုတ်လို့မရဘူးဆိုတာ မြင်သာစေတယ်။

အေတီကိုလို အသင်းကို ရင်ဆိုင်ရပြီဆိုရင် ဆာလာအတွက် နေရာလွတ် မရနိုင်တာ၊ ပေးမှာမဟုတ်ဘူးဆိုတာကို ပွဲမတိုင်ခင်တည်းက လူတိုင်း ခံစားမိကြမှာပါ။ အီဂျစ်သားဟာ သူ့ရဲ့ ကြံ့ခိုင်မှု၊ အကွက်မြင်မှုတွေနဲ့အတူ အေတီကို ခံစစ်ကြောင်း တစ်ခုလုံးကို တိုက်ထုတ်သွားပြီး ဂိုးရယူသွားတာမျိုးဟာ တိုက်စစ်မှူးတိုင်း လိုက်လုပ်နိုင်တာမျိုး မဟုတ်ပါဘူး။ သူ့ထံက ဂိုးထပ်ရနိုင်စရာတွေ မြင်ရပေမယ့် ကံနည်းနည်းဆိုးသွားတယ်လို့ပဲ ပြောရမှာပါ။

တိုးတက်လာနေတဲ့ ဗစ်

ဗစ်ထံကနေ သွင်းဂိုး၊ ဂိုးထောက်ပံ့မှု မရှိခဲ့ရင်တောင် ဂျာမာန်သားဟာ အသင်းရဲ့ လူစာရင်းမှာ ပိုပိုပြီးတော့ အသားကျလာနေတာက မြင်သာပါတယ်။ ပထမဆုံး တွဲကစားတဲ့ အီဆက်နဲ့ အဆင်ပြေပြေ ချိတ်ဆက်ပြခဲ့ပြီး ကွင်းလယ်မှာ တိုးတက်မှုတွေ ရှိလာပါတယ်။

ဗစ်အနေနဲ့ အီဆက်ရဲ့ ဖန်တီးမှုနဲ့ ဆာလာရဲ့ဖန်တီးပေးမှုတွေက တစ်ဆင့် ဂိုးရလောက်တဲ့ အခွင့်အရေးမျိုးတွေမှာ ပူးပေါင်းပါဝင်မှုတွေရှိခဲ့ပါတယ်။ လူတိုင်းကတော့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်လာသူတစ်ဦးထံကနေ သွင်းဂိုးနဲ့ ဖန်တီးမှုတွေ တောင်းဆိုမှာပါပဲ။

မျှော်လင့်ချက်တွေ ပုံအပ်ခံထားရသူတစ်ယောက်ရဲ့ ဖိအားတွေကို ကြိုးစား ရင်ဆိုင်နေရတဲ့ ဗစ်ထံကနေ လေဗာကူဆင်မှာ သူပြသခဲ့တဲ့ ခြေစွမ်းမျိုး မမြင်ရသေးပါဘူး။ ဆက်တိုက်ရနေတဲ့ ပွဲချိန်နဲ့ နိုင်ပွဲတွေရနေခြင်းက သူ့ရဲ့ ယုံကြည်မှုကို တိုးတက်လာစေဖို့ မျှော်လင့်ပါတယ်။

ဒုက္ခပေးဆဲ လော်ရန်တေးနဲ့ အနီကတ်ပြခံရတဲ့ ဆီမြွန်နီ

၂၀၂၀ ကိုဗစ်မဝင်ခင်က လော်ရန်တေးဟာ အန်ဖီးကွင်းမှာ ၂ ဂိုးသွင်းယူပြီး လီဗာပူးကို ချန်ပီယံလိဂ်ကနေ ဖြုတ်ချခဲ့ဖူးပါတယ်။ ဒီပွဲမှာလည်း သွင်းဂိုး ၂ ဂိုးသွင်းပြီး လီဗာပူးကို အန်ဖီးကွင်းမှာ အိပ်မက်ဆိုး ထပ်ပေးဖို့ နီးစပ်ခဲ့ပေမယ့် ဗန်ဒိုက်ရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးက သူ့တို့ကို အသဲခွဲခဲ့တယ်။

ပွဲချိန်နောက်ဆုံး အခိုက်အတန့်တွေမှာ ပွဲဆူမှုတွေဖြစ်ခဲ့ပြီး နည်းပြလိုင်းက ဆီမြွန်နီတစ်ယောက် လီဗာပူးပရိသတ်တွေနဲ့ ပြဿနာဖြစ်ရာကနေ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ ပွဲတော်လျှောက် အနောက်ကနေ သူ့ကို အော်နေတာကို ရင်ဆိုင်ဖို့ နည်းပြတစ်ယောက်အတွက် မလွယ်ပါဘူးလို့ ပွဲအပြီးမှာ ဆီမြွန်နီက တုန့်ပြန်ပါတယ်။

လူစာရင်းထဲကနေ အကောင်းဆုံး ရှာဖွေနေတဲ့ အာနယ်

မနှစ်ကရာသီလို မဟုတ်ဘဲ လူစာရင်း အပြောင်းအလဲ များပြားခြင်းနဲ့အတူ ကစားသမား အများပြားဟာ လက်တလော ရနေတဲ့ ပွဲထွက်နေရာအတွက် အာမခံချက် မရှိပါဘူး။ ဥပမာအားဖြင့် ဂက်ပို၊ မာကာ၊ ရော်ဘတ်ဆန်၊ ဘရတ်ဒလေတို့ဟာ ပွဲထွက်နေရာအတွက် ခက်ခဲစွာ အားထုတ်လာနေရတယ်။

လက်ရှိ လူစာရင်းမှာ အာနယ် ဆလော့ မထိရဲတာဆိုလို့ ဂိုးသမားနေရာ၊ ဆာလာနဲ့ ဗဟိုခံစစ် ၂ ဦးတို့ပဲရှိပြီး လီယိုနီကို ကာရာဘောင်းပွဲမှာ သုံးမယ်လို့ သိထားရတယ်။ ဂိုးသမား မာမာဒီရှီဗီလာကိုလည်း ပွဲထွက်စေမယ် ကြားထားရပါတယ်။

လက်ရှိ လူစာရင်းမှာ ဂျုံးတစ်ဦးပဲ ဒဏ်ရာရ ကစားသမားအဖြစ် ရှိနေပြီး နူမိုဟာကိုလည်း ပွဲချိန်တွေပေးနေကာ ကာလရှည် ယှဉ်ပြိုင်ရမယ့် ဘောလုံးရာသီအတွက် လူစာရင်းကနေ အကောင်းဆုံး ပုံစံတွေကို ဖော်ထုတ်နိုင်ဖို့ အာနယ် ဆလော့ ကြိုးစားနေတာ ဖြစ်ပါတယ်။