ပရီးမီးယားလိဂ် အကောင်းဆုံးကွင်းလယ်၊ ပြင်းထန်လာနိုင်တဲ့ နေရာလုပွဲ၊ ရလဒ်ရအောင်ယူတဲ့ အာနယ် ဆလော့နဲ့ အဲဗာတန်ပွဲအပြီး စကားစမြည်းပြောစရာများ

ဂရာဗင်ဘက်ချ် တောက်ပခဲ့ကာ ဟူဂို သွင်းဂိုးထပ်ရခဲ့တဲ့ အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီပွဲအပြီး စကားစမြည်း ပြောစရာတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

ပြင်းထန်လာနိုင်တဲ့ နေရာလုပွဲ

လီဗာပူးအသင်းဟာ ဒီနွေမှာ အက်ကီတီကေနဲ့ အီဆက် တိုက်စစ်မှူးသစ် ၂ ဦးခေါ်ယူထားခဲ့တယ်။ တစ်ဦးက ပရီးမီးယားလိဂ်မှာ မျက်နှာစိမ်းဖြစ်ကာ တစ်ဦးကတော့ သက်သေပြထားပြီး တိုက်စစ်မှူးကောင်းဖြစ်ပါတယ်။

ရာသီအစ အမှတ်ပေးပွဲ ၅ ပွဲမှာ အက်ကီတီကေက ၃ ဂိုးသွင်းယူထားခဲ့တယ်။ သူဟာ ဒါဝင်နေရာကို အဆင့်မြှင့်တင်နိုင်တာလို့ ပရိသတ်တိုင်းက ယုံကြည်လာနေပါပြီ။ ဒါ့အပြင် အက်ကီတီကေကို ပွဲထွက်ကနေ မထည့်ဘဲ အီဆက်ကို ဦးစားဖို့ ဆိုတာ တော်တော်လေး ခက်ခဲတဲ့ကိစ္စ ဖြစ်လာနေပါတယ်။

ညာခြမ်းမှာက ဆာလာရှိနေတယ်၊ ဘယ်ခြမ်းမှာက နည်းပြရဲ့စနစ်ကို အကောင်းဆုံး ဟန်ချက်ညီအောင် ကစားပေးနိုင်တဲ့ ဂက်ပိုရှိနေတယ်။ အီဆက်က ပရီးမီးယားလိဂ်ရဲ့ ကြောက်စရာအကောင်းဆုံး နံပါတ် ၉ ထဲကတစ်ဦး၊ အက်ကီတီကေကတော့ လီဗာပူးကစားသမားဘဝ အစောပိုင်းမှာတင် ပုံစံကောင်းရှာဖွေနိုင်တဲ့သူ။

ဒါ့အပြင် ပွဲချိန်ပေးရမယ့် အန်ဂူမိုဝါ၊ ခီယေဆာနဲ့ ဖရန်းပေါင်တို့ကလည်းရှိနေတယ်။ လီဗာပူးတိုက်စစ်ကတော့ နည်းပြတိုင်း သဘောကျလောက်တဲ့ ခေါင်းကိုက်စရာ အခြေအနေဖြစ်နေပါတယ်။

ပရီးမီးယားလိဂ် အကောင်းဆုံးကွင်းလယ်

ရုပ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်ရမယ့် အဲဗာတန်ပွဲမှာတော့ ဗစ်ကို အနားပေးပြီး ဂရာဗင်ဘက်ချ်၊ မာကာနဲ့ ဆိုဘိုအတွဲကို ထုတ်သုံးခဲ့တယ်။ ဒီကွင်းလယ်အတွဲကို ယှဉ်ပြိုင် အနိုင်ယူပြီး လီဗာပူးကို လွှမ်းမိုးဖို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူဖို့ဆိုတာက အတော်လေး ခက်ခဲပါလိမ့်မယ်။

အဖွင့်ဂိုးဟာဆိုရင် ဘရတ်ဒလေ၊ ဆိုဘို၊ ဆာလာ၊ ဂရာဗင်ဘက်ချ်တို့ရဲ့ ညာခြမ်းတွဲလုံးကနေ တိုက်စစ်ပြန်စတဲ့ ၁၀ စက္ကန့်လောက်အတွင်းကနေ ကွင်းလယ်အတွင်းလူတစ်ယောက်က တိုက်စစ်ထိလိုက်ပါ သွင်းယူခဲ့တဲ့ သွင်းဂိုးဖြစ်ပါတယ်။

ဒီရာသီ ပြန်စလာကတည်းက လီဗာပူးအသင်းဟာ အခြားပြိုင်ဘက်တွေထက် အမှတ်တွေ ပိုယူနိုင်စွမ်း မြင့်မားနေတာ အမှတ်ပေးဇယားကို ကြည့်ရင် သိပါလိမ့်မယ်။ ဒါပေမယ့် လီဗာပူးအသင်းက အကောင်းဆုံးခြေစွမ်းတွေ မရသေးတာကလည်း ငြင်းလို့မရပါဘူး။

တည်ငြိမ်တဲ့ ကွင်းလယ်ဟာ လီဗာပူးကို ပြိုင်ဘက်ထက် ခေါင်းတစ်လုံးသာနေစေတယ်။ အဲဗာတန်ပွဲ ပထမပိုင်း ပြီးခါနီးနဲ့ ဒုတိယပိုင်းတွေမှာ ကွင်းလယ်အား ကျသွားချိန်မှာတော့ ပြိုင်ဘက်ကို အခွင့်အရေးတွေ ပေးခဲ့ရပါတယ်။

ရုန်းကန်ရတဲ့ ဂက်ပိုနဲ့ မဆိုးခဲ့တဲ့ ကာကက်ဇ်

ဒီရာသီ လီဗာပူးအသင်းမှာ ထိလို့မရတဲ့ ကစားသမားဆိုတာ ခပ်ရှားရှားပါ။ အယ်လီဆန်၊ ဗန်ဒိုက်၊ ဆာလာကလွဲရင် ဘယ်အသင်းသားကမှ အဲ့အဆင့်မှာ ရှိမနေပါဘူး။ ဂက်ပိုဆက်တိုက် ပွဲကစားချိန်ရနေပေမယ့် အလှည့်ကျပုံစံတွေဖြင့် သွားနေတာမို့ မကြာခင် သူ့ရဲ့ ပွဲမိနစ်တွေ အကန့်အသတ်တွေ ရှိလာနိုင်ပါတယ်။

အဲဗာတန်ပွဲမှာလည်း ဘယ်ခြမ်းက ပွဲထွက်လာတဲ့ ဂက်ပိုဟာ မနှစ်ကလို မဟုတ်ဘဲ အကောင်းဆုံး ခြေစွမ်းတွေ ပျောက်ဆုံးနေပါတယ်။ သူ့ရဲ့ လုပ်အားနှုန်းက ဆက်ရှိနေဆဲဖြစ်ရင်တောင် တိုက်စစ်ပိုင်း ပူးပေါင်းလုပ်ဆောင်မှုတွေ ကျဆင်းနေလို့ ဒီအတိုင်းဆက်သွားရင် သိပ်မကြာခင် အက်ကီတီကေကို သူ့နေရာ လွဲပေးရနိုင်ပါတယ်။

အသင်းသစ်မှာ အထိုင်ကျဖို့ အားထုတ်နေတဲ့ ကာကက်ဇ်ဟာ ဇွဲကြီးတဲ့ ကစားသမားဖြစ်ပြီး တိုက်စစ်အတွက် လိုအပ်တဲ့ အရှိန်နဲ့ ပြေးနှုန်းတွေကို ပြသခဲ့ကာ နည်းနည်းလေး ပိုပါးနပ်စွာ ကစားနိုင်ဖို့တော့ လိုအပ်နေဆဲပါ။

ညာအစွန်အတွက် ဦးစားပေးဖြစ်လာနိုင်တဲ့ ဘရတ်ဒလေ

နည်းပြအာနယ် ဆလော့က ခြေစွာနေတဲ့ ဂရီလစ်ချ်လို ကစားသမားကို ထိန်းချုပ်ဖို့ရာမှာ သွေးအေးပြီး ခံစားချက် ထိန်းချုပ်နိုင်တဲ့ ဘရတ်ဒလေကို အသုံးပြုခဲ့တယ်။ ဂရီလစ်ချ်ကို ဘရတ်ဒလေ တစ်ချက်လောက် လွတ်ပေးလိုက်ရတာနဲ့တင် ညာခြမ်းက တော်တော်လေး ပြဿနာကြီးပါတယ်။

မနှစ်က အမ်ဘာပေကို ထိန်းပြခဲ့တဲ့ ဘရတ်ဒလေဟာ ဒီရာသီ ရာသီကြိုကို အပြည့်အဝ မပူးပေါင်းနိုင်ခဲ့သလို ရာသီစ ပွဲအနည်းငယ်ကို လွဲချော်ခဲ့သေးသူပါ။ ဒီနောက်ပိုင်း သူပြသနေတဲ့ ခြေစွမ်းတွေအရဆိုရင် ပွဲထွက်ခွင့် အာမခံချက်မရသေးရင်တောင် ညာအစွန်နေရာရဲ့ ပွဲချိန် အများစုရသူဟာ ဘရတ်ဒလေဖြစ်လာနိုင်ပါတယ်။

ရလဒ်ရအောင်ယူတဲ့ အာနယ် ဆလော့

အာနယ် ဆလော့ဟာ ရေရှည်အတွက် ကြိုတင်ပြင်ဆင်တတ်သလို ရေတိုရလဒ်ကို အတော်ကြည့်တဲ့ နည်းပြဖြစ်ပါတယ်။ သူဟာ ကစားကွက်တစ်ခုကို အသေဆုပ်ကိုင်းပြီး ပွဲကို အစ အဆုံး ချဉ်းကပ်နိုင်ရေး ကြိုးစားတဲ့သူ မဟုတ်ဘဲ ကစားသမား အလဲအလည်နဲ့ နည်းစနစ်ချိန်းမှုတွေ အများကြီး ပြုလုပ်တတ်တဲ့ စရိုက်ရှိတဲ့သူပါ။

အဲဗာတန်ပွဲမတိုင်ခင်မှာ အီဆက်၊ အက်ကီတီကေအတွဲကို ထုတ်သုံးနိုင်ကြောင်း အသံတွေကျယ်ခဲ့ပေမယ့် ပွဲနေ့မှာတော့ ဖြစ်မလာခဲ့ပါဘူး။ အဲဗာတန်ရဲ့ မာမာထန်ထန် ကစားပုံကို ရင်ဆိုင်ရာမှာ ပွဲချိန်ထိတွ့ဖို့ လိုနေသေးတဲ့ အီဆက်နဲ့ အသားကျဖို့လိုနေတဲ့ ဗစ်တို့ကို အရဲစွန့်ပြီး ထုတ်မသုံးခဲ့ပါဘူး။ သူ အယုံကြည်ရဆုံး ရုပ်ပိုင်းဆိုင်ရာ အားကောင်းသူတွေဖြင့်ပဲ ရင်ဆိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အားနည်းချက်တွေရှိနေတယ်လို့ ဝေဖန်မှုတွေကြားကနေ ၅ ပွဲကစား ၅ ပွဲနိုင် ၁၅ မှတ်ကို ယူပြထားခဲ့တယ်။ ဒီအပတ်မှာ အာဆင်နယ်နဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့မှာဖြစ်လို့ ဖလားလုဘက်တစ်သင်းကို နောက်ထပ် ရမှတ်များများ ဖြတ်နိုင်မယ့် အခွင့်အရေးကို လီဗာပူးက လက်လွတ်မခံပါဘူး။