ဒီနွေမှာ လူစာရင်း အပြောင်းအလဲကြီးတွေ ပြုလုပ်ခဲ့ကြခြင်း၊ အသင်းရဲ့နည်းစနစ်ပိုင်းကို သိသိသာသာ ပြောင်းလဲဖို့ အားထုတ်ထားခြင်းနဲ့အတူ လီဗာပူးအသင်းဟာ ရုန်းကန်ရတဲ့ ဘောလုံးရာသီတစ်ခုကို ကျော်ဖြတ်ရနိုင်တယ်ဆိုတာ မိုက်ကယ်အတ်ဝပ်၊ ရစ်ချက်ဟုချ်နဲ့ အာနယ် ဆလော့တို့ ကြိုတင် တွက်ဆထားခဲ့တယ်။
လီဗာပူးတာဝန်ရှိသူတွေက ကာလရှည်အတွက် ရည်ရွယ်တဲ့ ပလန်နဲ့ ကလော့ပ်လက်ထက် အခြေအနေတွေကနေ ဆင့်ကဲပြောင်းလဲမှုတွေကို ဖော်ဆောင်ဖို့ရာမှာ ဒီနွေစျေးကွက်ကို အဓိကကျတဲ့ ကာလအပိုင်းအခြားအဖြစ် ရည်ရွယ်ခဲ့တယ်။ ၎င်းတို့ ၃ ဦး ယူထားတဲ့ တာဝန်တွေဟာ လီဗာပူးရဲ့ ကွင်းတွင်း ကွင်းပြင် အောင်မြင်မှုတွေအပေါ် သက်ရောက်တဲ့အထိ ကြီးမားပါတယ်။
ဂျိုတာ ကွယ်လွန်ခြင်းလို မတော်တဆဖြစ်ရပ်၊ ဂူဟီ အပြောင်းအရွှေ့ အနီးကပ်မှ ပျက်ပြယ်ခြင်း၊ လိုင်ယွန်နီ ရာသီကုန်ထိနားရမယ့် ပြင်းထန် ဒဏ်ရာရခြင်းတွေလို အစီအစဉ်အတိုင်း မဟုတ်တဲ့ ကိစ္စတွေလည်း ဖြစ်ခဲ့သေးသလို အန်ဖီးဟာ ရုန်းကန်ရတဲ့ ဘောလုံးရာသီ တစ်ခုအတွက် ပြင်ဆင်ထားဖို့ လိုမယ်ဆိုတာ မိုက်ကယ်အတ်ဝပ်တို့ ကြိုတင် တွက်ဆထားခဲ့တယ်လို့ အာနယ် ဆလော့က ပြောပါတယ်။
ရာသီအစ ၆ ပွဲမှာ ၅ ပွဲထိ နိုင်တဲ့နောက် လူတိုင်းက အသွင်ကူးပြောင်းမှုဟာ လွယ်ကူလိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ လီဗာပူးအဝတ်လဲခန်းကတော့ အသင်းရဲ့ ဟန်ချက်ညီမှုက မမျှမတဖြစ်နေဆဲဆိုတာ နားလည်သလို လူစာရင်း အပြောင်းအလဲတွေ များခဲ့တာကြောင့် မန်စီးတီး၊ အာဆင်နယ်တို့နဲ့အပြိုင် ဆုဖလားစိန်ခေါ်ဖို့ရာ ပိုမိုအားပျော့နေဆဲလို့ ဝန်ခံခံတယ်။ ဒါပေမယ့် ဇယားထိပ်ကို ၅ မှတ်ဖြတ်ထားတဲ့နောက် ဆာလာ အပါအဝင် လီဗာပူးစီနီယာတွေရဲ့ အသိပေးမှုကို ပရိသတ်တွေ သတိပြုမိမှု နည်းပါးခဲ့ပါတယ်။
မထင်မှတ်ဘဲ ပဲလေစ့်ပွဲကစလို့ လီဗာပူးအသင်း ဆက်တိုက် ခြေချော်လာချိန်မှ ပရိသတ်တွေ စတင် တုန်လှုပ်လာကြပြီး ဆူဆူညံညံတွေ စဖြစ်လာခဲ့တယ်။ ကလပ်တာဝန်ရှိသူတွေ အပိုင်းကတော့ ဒါဟာ ဖြစ်လာနိုင်တဲ့ အခြေအနေဆိုတာ ကြိုတင် တွက်ဆထားတာမို့ ကြီးကြီးမားမား တုန်လှုပ်ရိပ် မပြခဲ့ဘဲ နည်းပြကို ဆက်လက် ထောက်ခံနေခဲ့တယ်။
နွေမှာ လုပ်ခဲ့တဲ့ ကစားသမား အဝင် အထွက် ကိစ္စကြီးတွေ အပြီးမှာ အသင်း အထိုင်ကျဖို့ အချိန်တစ်ခု ယူရမယ်ဆိုတာ နည်းပြအဖွဲ့၊ အဝတ်လဲခန်းနဲ့ ဘုတ်အဖွဲ့ အားလုံးက သိထားခဲ့ကြပြီးဖြစ်ပါတယ်။ ကစားသမားတွေရဲ့ ကြံ့ခိုင်ရေး၊ အချို့သော စီနီယာတွေရဲ့ စွမ်းဆောင်ရည် မလုံလောက်ခြင်း၊ လူသစ်တွေ အထိုင်ကျဖို့ လိုအပ်နေခြင်းတွေကြောင့် လီဗာပူးရဲ့ ရလဒ် ထိခိုက်ထားပါတယ်။
အပြောင်းအလဲတွေ လိုအပ်လာချိန်မှာ အဓိက ကစားသမား မိုဆာလာရဲ့ ပွဲကစားချိန်ဟာ ထိပါးခံလာရပြီး ရှုပ်ထွေးတဲ့ မီဒီယာ အာရုံစိုက်ခံရမှုတွေဖြစ်လာခဲ့တယ်။ လူတိုင်းက ကွင်းပြင်ပက အင်တာဗျူးတွေကို အာရုံစိုက်နေကြချိန်မှာ လီဗာပူးအသင်းရဲ့ ကွင်းတွင်း နည်းစနစ်ပိုင်းတွေဟာ အပြောင်းအလဲတွေ စဖြစ်လာနေပြီး အကောင်းမြင်စရာ အခြေအနေတွေကို ပြန်ဖော်ဆောင်လာနိုင်နေပါတယ်။
ဒီနေရာမှာ အာနယ် ဆလော့ကတော့ အသင်းက ရှုံးပွဲတွေကို ဆက်တိုက်ရင်ဆိုင်နေရပေမယ့် ကလပ်ရဲ့ အခြေအနေက လူတွေ ပြောကြသလောက် မဆိုးဘူးလို့ သူ မြင်ကြောင်း ဆိုတယ်။ တည်ကန်ဘောတွေ အားပျော့ခြင်းနဲ့ တချို့ပွဲတွေမှာ ကံနည်းနည်းကောင်းဖို့ လိုတာတွေကလည်း အသင်းကို ရုန်းကန်ရတဲ့ အခြေအနေထံ ဆွဲချခဲ့တယ်လို့လည်း သူက ပြောဆိုတယ်။
ရာသီအစောပိုင်းမှာ ဆလော့ရဲ့ နည်းစနစ်တွေက မအောင်မြင်ခဲ့ပေမယ့် အတ်ကီတီကေ တောက်ပလာသလို နည်းဗျူဟာ အပြောင်းအလဲတွေကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်၅ ပွဲ ရှုံးပွဲမရှိပဲ ထိပ်ဆုံး ၄ သင်းထဲ ပြန်ဝင်ဖို့ အလားအလာကောင်းလာနေတယ်။
၂၀၂၅ ခုနှစ်အတွက် လက်ကျန် ၁ ပွဲပဲ ကစားဖို့ရှိပြီး ၂၀၂၆ နှစ်စမှာတော့ ၃၁ ရက်အတွင်း ၉ ပွဲထိ ဆက်တိုက် ယှဉ်ပြိုင်ရပါမယ်။ ဒီကာလတွေအတွင်း ရုန်းကန်ရမှုတွေကနေ ရပ်တန့်သွားအောင် အားထုတ်လာခဲ့ကြအပြီး အာနယ် ဆလော့ရဲ့ လီဗာပူးအသင်း လမ်းကြောင်းမှန်ပေါ် ပြန်တက်လာနိုင်တော့မယ်ဆိုတဲ့ ယုံကြည်ရိပ်တွေ ပြန်လည် ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။
