အကြောက်တရားကို ဖယ်ပြီးကစားရင် ချန်ပီယံတွေမှာ လုပ်နိုင်စွမ်းတွေ ကျန်ပါသေးတယ်

လီဗာပူးအသင်းနဲ့ မာဆေးတို့ ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူး ဆာလာ၊ အတ်ကီတီကေတို့အပြင် ကွင်းလယ်မှာ ဗစ်၊ ဆိုဘို၊ မာကာ၊ ဂရာဗင်ဘက်ချ်တို့ ပါဝင်ခဲ့ကာ စိန်ပွင့်ပုံကစားကွက်ကို ခင်းကျင်းခဲ့ပါတယ်။

အသင်းရဲ့ အကောင်းဆုံးကစားသမားတွေ ပွဲထွက်ကနေ ပါဝင်တာဖြစ်သလို ပြိုင်ဘက်အသင်းက ခံစစ်ပိတ်ကစားတဲ့ အသင်း မဟုတ်တာကြောင့် မာဆေးကို ကောင်းကောင်းယှဉ်ကစားနိုင်မယ် အခွင့်အရေးတွေ ရှာနိုင်မယ် ယုံကြည်ခဲ့တယ်။ မျှော်လင့်သလိုပဲ ပရီးမီးယားလိဂ်ထက်စာရင် အသင်း ကောင်းကောင်းကစားနိုင်တဲ့ပွဲဖြစ်ခဲ့ပါတယ်။

ဒီရာသီ လီဗာပူးအသင်းရဲ့ ဟန်ချက်အညီဆုံး လူစာရင်းတစ်ခုဖြစ်ခဲ့ပြီး ပြိုင်ဘက်ခံစစ်ကို ထိုးဖောက်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတာထက်စာရင် နေရာလွတ်တွေ ရှာဖွေနိုင်စွမ်းရှိသလို ဘောလုံးအပေးအယူ စီးဆင်းမှုကောင်းမွန်တဲ့ ကစားဟန်မျိုးကို ပြောင်းလဲ ကစားနိုင်ခဲ့ပါတယ်။

အရင်ပွဲတွေမှာ မြင်နေရတဲ့ ကြောက်ရွံ့စိတ်နဲ့ ဘောလုံးကို နောက်ပြန်ပေးတာ ဘေးတိုက်ပေးတာမျိုးတွေ မဟုတ်ဘဲ ယုံကြည်မှုရှိရှိဘဲ ဘောလုံးကို ရှေ့ထုတ်နေကြပါတယ်။ ကွင်းလယ်မှာ နီးနီးကပ်ကပ်နေပြီး ကျစ်ကျစ်လစ်လစ် ကစားတဲ့ မာကာ၊ ဂရာဗင်ဘက်ချ်၊ ဆိုဘို၊ ဗစ်တို့ကြောင့် မာဆေးက ဖိအားပေးမှုတွေကို လုပ်ဆောင်ရ မလွယ်ကူတာမျိုးလည်း မြင်ခဲ့ရတယ်။

အရေးအကြီးဆုံးက အသင်းသားတွေရဲ့ ယုံကြည်မှုရှိရှိ ကစားနိုင်တာကို ပြန်မြင်ရတာဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တွေ မှန်ကန်ခဲ့ပြီး အသင်းက မာဆေးနောက်က လိုက်ကစားနေတာ မဟုတ်ဘဲ ပွဲကို ထိန်းချုပ်ကစားခဲ့တာပါ။ ဒီလိုမျိုး ဟန်ချက်ညီညီ၊ တည်တည်ငြိမ်ငြိမ်နဲ့ စနစ်တကျ ကစားတာမျိုး မမြင်ရတာက ကာလတခု ကြာခဲ့ပါပြီ။

ဒီနောက်ပိုင်း စနစ်အပြောင်းအလဲမှာ အာနယ် ဆလော့က ကွင်းလယ်ကို ပိုခိုင်မာအောင် တည်ဆောက်လာနေသလို မာဆေးပွဲကတော့ စည်းကမ်းရှိရှိ ကစားပြီး အာရုံစိုက်မှု အပြည့်ရှိတဲ့ ကွင်းလယ်တန်းကို မြင်ခဲ့ရပါတယ်။ ဆိုဘို၊ ဗစ်တို့ ဦးဆောင်တဲ့ ကွင်းလယ်ဟာ မာဆေးရဲ့ အရှိန်ကို သ-တ်ပ-စ်နိုင်ခဲ့သလို လိုအပ်လာတိုင်း အသင်းရဲ့ ကစားဟန်ကို ပြန်တင်နိုင်ခဲ့တယ်။

ပြီးခဲ့တဲ့ရာသီ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းရဲ့ အဓိက ထောက်တိုက်တွေဖြစ်တဲ့ ဂရာဗင်ဘက်ချ်၊ မာကာနဲ့ ဆိုဘိုတို့ဟာ ဖိအားတွေအောက်မှာပဲ နစ်မနေလိုဘဲ သူတို့ဟာ ချန်ပီယံတွေဆိုတာကို ပြလိုစိတ်နဲ့ အမှားမရှိအောင်ကို အလေးအနက် အားထုတ်ကာ ဖရန်းပေါင်၊ အတ်ကီတီကီ၊ ဗစ်နဲ့ ကာကက်ဇ်လို အသင်းဖော်သစ်တွေကို အသင်းတသင်းအနေနဲ့ အတူလက်တွဲ ကစားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၃ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ပါဘူး။ အသင်းဟာ ဒီရာသီမှာ ရုန်းကန်ရသလို နည်းပြနဲ့ ကစားသမားတွေ ဝေဖန်မှုတွေအောက် ရောက်နေပေမယ့် ကြောက်ရွံ့စိတ်တွေကို ဖယ်ရှားနိုင်ရင် အသင်းက အရည်အချင်းတွေ ရှိနေဆဲ၊ နည်းစနစ်ကောင်းတွေ ကစားနိုင်ဆဲဆိုတာ မြင်ခဲ့ရတယ်။

ညတစ်ညတည်းနဲ့တော့ ဒီရာသီတစ်ခုလုံး ဝေဖန်မှုတွေခံနေရတဲ့ ဆိုးရွားတဲ့ ဘောလုံးရာသီက ပြောင်းလဲမသွားနိုင်ပါဘူး။ ချန်ပီယံလိဂ်မှာ ပြသခဲ့တဲ့ ကောင်းမွန်တဲ့ စိတ်ဓါတ်နဲ့ ကစားပုံကို ပရီးမီးယားလိဂ်ကိုပါ သယ်ဆောင်လာနိုင်ရင် အသင်းဟာ လမ်းကြောင်းမှန်ပေါ် ခပ်မြန်မြန် ပြန်သွားနိုင်မယ်လို့ မျှော်လင့်စရာလမ်းစကို မြင်ခဲ့ရပြီဖြစ်ပါတယ်။