လီဗာပူးအသင်းရဲ့ ကွင်းလယ်ပိုင်း ချိန်ရွယ်မှုတွေအတွင်း ပါဝင်ထားတဲ့ လာဗီယာအတွက် ဒီနွေမှာ ကမ်းလှမ်းမှု ပြုလုပ်မယ်ဆိုရင် ပေါင် သန်း ၅၀ ဆိုတဲ့ ပမာဏဖြင့် ရနိုင်မှာ မဟုတ်ပါဘူး။
အသက် ၂၀ အရွယ် ကွင်းလယ်ခံစစ်သမားဟာ ဆောက်သမ်တန်အသင်းရဲ့ အဓိက ကစားသမားဖြစ်ပြီး ဒီနွေမှာတော့ ချန်ပီယံရှစ်အသင်းထံ တန်းဆင်းရမှာပါ။ ဆောက်သမ်တန်ဟာ ဘယ်ဂျီယံကြယ်ပွင့်ကို ဒုတိယတန်းလိဂ်ထံ ခေါ်မသွာနိုင်ဘဲ ရောင်းချပေးရဖွယ် ရှိနေပါတယ်။
GOAL မှ လီဗာပူးသတင်းထောက် Neil Jones ကပဲ ကလပ်ဟာ ချယ်ဆီး၊ မန်စီးတီးတို့နည်းတူ ကွင်းလယ်လူကို ခေါ်ယူဖို့ နှစ်သက်မှုရှိတယ်လို့ ဖော်ပြထားခဲ့တယ်။ အယ်လစ္စတာနဲ့ မောင့်တို့ကို ဦးစားပေးအဖြစ် ရွေးချယ်ထားတဲ့ လီဗာပူးက လာဗီယာရဲ့ တိုးတက်မှုကို သဘောကျတယ်လို့လည်း ၎င်းက ဆိုပါတယ်။
ကလော့ပ်ဟာ ဆောက်သမ်တန် ကွင်းလယ်လူကို သဘောကျပြီး သူ့ကို ခေါ်ယူဖို့ အနီးစပ်ဆုံး ကလပ်တွေထဲ ပါဝင်ကြောင်းကို ဘယ်ဂျီယံသတင်းထောက် Sacha Tavolieri ကလည်း ဖော်ပြထားပြီးပါပြီ။
သူကပဲ “ လက်တလောမှာတော့ လီဗာပူးထံက တရားဝင် ကမ်းလှမ်းမှုမျိုး မမြင်ရသေးပါဘူး။ အဲ့တာတော့ သေချာပါတယ်။ ဒါပေမယ့် လီဗာပူးက လာဗီယာကို အတော်လေး သဘောကျတဲ့ အသင်းဖြစ်ပါတယ် ” လို့ ဖော်ပြထားပါတယ်။
မန်စီးတီး အကယ်ဒမီကနေ ဆောက်သမ်တန်ကို ပေါင် ၁၀.၅ သန်းဖြင့် ပြောင်းခဲ့တဲ့ လာဗီယာအတွက် စုစုပေါင်း တန်ကြေးက ပေါင် ၁၄ သန်းထိ ရောက်ထားပါတယ်။ သူ့ကိုတော့ ၂၀၂၄ နွေမတိုင်ခင် မန်စီးတီးဘက်က ပေါင် သန်း ၄၀ ဖြင့် ပြန်လည် ခေါ်ယူခွင့် ရှိထားပါတယ်။
ဒါပေမယ့် မကြာသေးခင်က ချယ်ဆီးအသင်းဟာ လာဗီယာအတွက် ပေါင် သန်း ၅၀ ဖြင့် ကမ်းလှမ်းခဲ့ဖူးပြီး ပယ်ချခံထားရတာပါ။ ဆောက်သမ်တန်အသင်း တန်းဆင်းရပေမယ့် တူညီတဲ့ ပမာဏလောက်နဲ့တော့ ကွင်းလယ်လူကို ခေါ်ယူခွင့်ရဖို့ မသေချာဘူးလို့ သိရတာ ဖြစ်ပါတယ်။