ဒီရာသီဟာ လီဗာပူးအတွက် ခက်ခဲခဲ့ပြီး ဆုဖလားလက်မဲ့ ဘောလုံးရာသီကို ကျော်ဖြတ်နေရသလို ထိပ်ဆုံး ၄ သင်း အပြင်ထိပါ လွှင့်စင်နေခဲ့ပြီ ဖြစ်ပါတယ်။
မနှစ်က ဖလား ၄ လုံး အောင်မြင်ရေး အနီးဆုံး အခြေအနေထိ ရောက်ခဲ့ပြီးမှ ဒီရာသီလို ကျရှုံးမှုဖြစ်ရခြင်းဟာ အသင်းလူစာရင်းရဲ့ စွမ်းဆောင်ရည် ကျဆင်းမှုတွေကြောင့် အများကြီး သက်ဆိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီရာသီ စီနီယာ အသင်းသားတွေမှာ ခြေစွမ်း ထူးချွန်ခဲ့သူတွေလည်း ရှိနေပါတယ်။
လီဗာပူးအတွက် ခြေစွမ်းကောင်းတွေ ရှိထားခဲ့တဲ့ အသင်းသားတွေထဲက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် မဲပေးခြင်း ခံရနိုင်တဲ့ ကစားသမား ၄ ဦးကို မာဆေးဆိုဒ် သတင်းဌာန Echo က ဖော်ပြလာပါတယ်။ LFC Tha Din ပရိသတ်တွေအတွက် ဒီကစားသမား ၄ ဦးကို ဖော်ပြလိုက်ပါတယ်။
ထရန့် အလက်ဇန္ဒား-အာနိုး
ဖန်တီးရှင်သမားဟာ ညာအစွန်မှာ ခြေစွမ်း မတည်ငြိမ်ခဲ့ပေမယ့် ဒီနောက်ပိုင်း ကွင်းလယ်ကို ပြောင်းကစားရာမှာ အထင်ကြီးစရာ ခြေစွမ်းတွေ ပြသလာပါတယ်။ နည်းပြကလော့ပ်ဟာ လာမယ့်ရာသီမှာ ဘောလုံးပိုင်ဆိုင်ထားစဉ် ထရန့်ကို ကွင်းလယ်ပို့တဲ့ စနစ်ကို ဆက်သုံးဖွယ် ရှိပါတယ်။ ဧပရယ်လနောက်ပိုင်း ခြေစွမ်းတွေအရ သူဟာ လီဗာပူးရဲ့ တစ်ရာသီ အကောင်းဆုံး ကစားသမားဆုအတွက် စိန်ခေါ်လာနိုင်သူ ဖြစ်ပါတယ်။
အယ်လီဆန် ဘက်ကာ
ဒီရာသီ လီဗာပူးစီနီယာများစွာက ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေခဲ့ပေမယ့် အယ်လီဆန်တော့ မပါဝင်ပါဘူး။ သူဟာ အပတ်တိုင်းမှာ ရုန်းကန်နေရတဲ့ လီဗာပူးအတွက် ကာကွယ်မှုတွေ ပြုလုပ်ပေးခဲ့သလို ခံစစ်ကနေ ကစားကွက် တည်ဆောက်မှုတွေမှာ အများကြီး ကူညီပေးခဲ့တယ်။ အယ်လီဆန်ရဲ့ စွမ်းဆောင်ရည်ကြောင့် မဟုတ်ရင် လီဗာပူးက ယူရိုပါလိဂ်ဝင်ခွင့်တောင် ရမှာ မဟုတ်ပါဘူး။
ဟာဗေး အယ်လီးယော့
ဒီရာသီ ကလော့ပ်ရဲ့ ပွဲထွက်လူစာရင်းမှာ ကြံ့ခိုင်မှုကောင်းကောင်း ပါဝင်နိုင်ခဲ့တဲ့ ဟာဗေးဟာ လီဗာပူးမှာ အနာဂတ်ရှည်ရှိသူအဖြစ် ယူဆခံထားရသူပါ။ ဒီဇင်ဘာတုန်းက တော်တင်ဟမ်ကို အနိုင်ရမှုနဲ့ အန်ဖီးမှာ မန်ချက်စတာ ယူနိုက်တက်ကို ၇-၀ ရလဒ်ဖြင့် အနိုင်ရမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ စနစ်သစ်မှာတော့ သူ့ရဲ့ ပွဲကစားခွင့်ဟာ အတော်လေး ကန့်သတ်ခံလာရပါတယ်။
မိုဆာလာ
ရာသီစ အထနှေးခဲ့ပေမယ့် ဆာလာဟာ လီဗာပူးရဲ့ စတားကစားသမား ဖြစ်နေဆဲပါ။ ဒီရာသီမှာလည်း ကလပ်ရဲ့ သွင်းဂိုး အများဆုံး တိုက်စစ်မှူးဖြစ်သလို ကလပ်သမိုင်း နံပါတ် ၅ နေရာထိပါ တက်လှမ်းလာခဲ့ပါပြီ။ ၂၀၂၃ ခုနှစ်အတွင်း လီဗာပူးရဲ့ တည်ငြိမ်တဲ့ ခြေစွမ်းပိုင်ရှင်ဖြစ်ခဲ့ကာ အန်ဖီးကွင်းမှာ ၉ ပွဲဆက် ဂိုးသွင်းနိုင်သူ ဖြစ်ခဲ့ပါတယ်။ ဆာလာဟာရဲ့ တိုက်ခိုက်လိုမှုတွေကြောင့် မဟုတ်ရင် အသင်းဟာ သွင်းဂိုးအတွက် များစွာ ရုန်းကန်ရပါလိမ့်မယ်။