ဂျာမန်စျေးကွက်ကို တာဝန်ယူပေးရမယ့် ရှမတ်ကီ၊ ယူနိုက်တက် ပြောင်းဖို့ စဉ်းစားနေတဲ့ မောင့်၊ ဘော်ဘီရဲ့ လက်ဆောင်ဗူးနဲ့ လီဗာပူး သတင်းများ

မနက်ကပွဲမှာ ဘရိုက်တန်က မန်စီးတီးနဲ့ ၁-၁ သရေကျခဲ့တာကြောင့် လီဗာပူးနည်းတူ ယူရိုပါလိဂ် တစ်နေရာအတွက် သေချာသွားပါပြီ။ ဒါပေမယ့်လို့ အယ်လစ္စတာကိုတော့ ရောင်းထုတ်ရဖွယ် ရှိနေဆဲပါ။

ချယ်ဆီးကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူရေးမှာ လီဗာပူး၊ အာဆင်နယ်အပြင် မန်ယူနိုက်တက်လည်း ပါဝင်လာဖို့ ရှိနေကာ ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းထိ တောင်းဆိုခံရဖို့ ရှိနေပါတယ်။

The Athletic သတင်းထောက် David Ornstein ကတော့ မောင့်ဟာ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းဖို့ စဉ်းစားနေကြောင်း ဖော်ပြလာပါတယ်။ သူ့ကို ခေါ်ယူရေး လီဗာပူးက ရေပန်းစားထားပေမယ့် တရားဝင် ကမ်းလှမ်းမှုတော့ မရှိသေးပါဘူး။

လီဗာပူး အငှားကစားသမား ကလာဆန်ဟာ စကော့တလန်ကလပ် Aberdeen အတွက် ဂိုးသွင်းပေးနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့် တစ်နေရာကို ရရှိစေခဲ့ပါတယ်။

လီဗာပူး အပြောင်းအရွှေ့ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဖြစ်လာမယ့် ဂျော့ ရှမတ်ကီဟာ ဘွန်ဒက်လီဂါက လူငယ်ကြယ်ပွင့်တွေကို ခေါ်ယူနိုင်ရေး ကြိုးစားပေးရမှာဖြစ်ပါတယ်။ လက်တလောမှာ အသက် ၂၂ နှစ်အရွယ် ဝုဒ်ဘတ်ခံစစ်မှူး ဗတ်ဒီဗန်ကို လီဗာပူးဘက်က ကင်းထောက်နေပါတယ်။

မန်စီးတီး ခံစစ်မှူး ဟာလန်းက ကလပ်အဆင့်မှာကော နိုင်ငံအဆင့်မှာပါ အကြိမ်ကြိမ် ရင်ဆိုင်ထားရတဲ့ ဗန်ဒိုက်ဟာ သူ့အတွက်တော့ သိပ်ကောင်းတဲ့ ခံစစ်မှူးပါလို့ ထုတ်ပြောလာပါတယ်။

လီဗာပူးအသင်း တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားနေသူ ၄ ဦးကတော့ ဆာလာ၊ အယ်လီဆန်၊ ထရန့်နဲ့ ဟာဗေးတို့ ဖြစ်ပါတယ်။

ဆောက်သမ်တန် ကွင်းလယ်လူ ရိုမီယို လာဗီယာဟာ လီဗာပူးအသင်းရဲ့ ပစ်မှတ်ထဲ ပါဝင်ထားကြောင်း သတင်းထောက် Neil Jones က ထုတ်ပြောလာပါတယ်။ ဒါပေမယ့် အသက် ၂၀ အရွယ် ဘယ်ဂျီယံ ကွင်းလယ်လူကို ပေါင် သန်း ၅၀ အောက်ဖြင့် ရနိုင်မှာ မဟုတ်ပါဘူး။

ဖာမင်နိုဟာ သူ့ရဲ့ နှုတ်ဆက်ပွဲကို တက်ရောက်လာတဲ့ သူငယ်ချင်းတွေ၊ အသင်းဖော်တွေ၊ မိသားစုဝင်တွေအတွက် လက်ဆောင် box အခု ၂၀၀ ပြင်ဆင်ထားခဲ့ပါတယ်။ အဆိုပါ box ထဲမှာတော့ သူ့ရဲ့ ဂျာစီနဲ့ အထူးထုတ် ရေမွေးပုလင်းတို့ ပါဝင်ပါတယ်။

လီဗာပူးအသင်း အရန်ဂိုးသမားဟောင်း ဘရတ်ဂျုံးဟာ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမား ဘဝကနေ အနားယူပြီလို့ ကြေညာသွားပါတယ်။

ဒီအပတ် ပရီးမီးယားလိဂ် နောက်ဆုံးပွဲကို ဒါဝင် ကစားပေးနိုင်ဖွယ် ရှိပေမယ့်လို့ ကိတ်တာကတော့ လွဲချော်သွားမှာ ဖြစ်ပါတယ်။