

ပရီးမီးယားလိဂ်ဘက်ကက လာမယ့်ရာသီအတွက် အပြောင်းအရွှေ့ စျေးကွက်ကို လာမယ့်လ ဇွန်လ ၁၄ ရက်နေ့မှာ တရားဝင် ဖွင့်မှာဖြစ်ကြောင်း ကြေညာပါတယ်။
ဒါကြောင့် ဇွန်လ လဝက်ကစပြီး ကစားသမား လက်မှတ်ထိုးမှုတွေကို တရားဝင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ စျေးကွက်ကိုတော့ ၁၁ ပတ်ကြာ ဖွင့်ထားမှာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့မှာ ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ စျေးကွက်မဖွင့်ခင်မှာတင် ကစားသမား ခေါ်ယူရေးတွေကို လှုပ်ရှားလာနေတာပါ။ ကလပ်ဟာ ဇွန်လအတွင်းမှာတင် အပြောင်းအရွှေ့ ကိစ္စတွေကို အပြီးသတ်ပြီး စျေးကွက်ဖွင့်တာနဲ့ တရားဝင် လက်မှတ်ထိုးမှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။
ယာဂင်ကလော့ပ်က ဇူလိုင်လ ရာသီကြို မတိုင်ခင် ကစားသမားသစ် ခေါ်ယူရေးတွေ အပြီးသတ်ပေးဖို့ ကလပ်ကို တောင်းဆိုထားပြီး ကွင်းလယ်လူနဲ့ ခံစစ်မှူး အပါအဝင် လူသစ် ၄ ဦးလောက် ရောက်လာမယ်လို့ သတင်းကြီးနေပါတယ်။
မီလ်နာ၊ ချိန်ဘာလိန်၊ ကိတ်တာ၊ အာသာနဲ့ ဖာမင်နိုတို့ ထွက်ခွာမှာဖြစ်တာကြောင့် ကွင်းလယ်ပိုင်းကို အဓိက ခေါ်ယူသွားဖို့ရှိကာ မက်အယ်လစ္စတာက ရေပန်းအစားဆုံး ဖြစ်ပါတယ်။
ကလယ်ဟာလို ကစားသမားတွေကို လက်လွတ်ခံမလား ဆိုတာကို စျေးကွက် အစောပိုင်းမှာတင် ဆုံးဖြတ်မှာဖြစ်ပြီး နောက်ကျ ကမ်းလှမ်းမှုတွေကို လက်ခံမှာ မဟုတ်ပါဘူး။ နက်ဖီးလစ်၊ ရိုင်းဝီလီယမ် အပါအဝင် အရန်ကစားသမား ရှင်းထုတ်မှုနဲ့ အငှားချမှုတွေကတော့ စျေးကွက် နောက်ဆုံးချိန်ထိ ဆက်ရှိနိုင်ပါတယ်။