ဒီနွေမှာ ပေါင် ၁၀ သန်း အောက်ဖြင့် အပြီးသတ် ထွက်နိုင်တဲ့ ကလော့ပ် စိတ်ကြိုက် ကစားသမား

စကော့တလန်ကလပ် Aberdeen အသင်းဟာ လီဗာပူး အငှားကစားသမား ကျေးဇူးနဲ့အတူ လာမယ့်ရာသီ ယူရိုပါကွန်းဖရန့်လိဂ်ထံ ပါဝင်ယှဉ်ပြိုင်နိုင်ရေး အခွင့်သာသွားခဲ့ပြီ ဖြစ်ပါတယ်။

Aberdeen ဟာ လီဗာပူးကစားသမား ကလာဆန်ရဲ့ သွင်းဂိုးနဲ့အတူ နိုင်ပွဲရခဲ့ကာ ပြည်တွင်းလိဂ်မှာ ဆဲလ်တစ်၊ ရိန်းဂျားအသင်းတွေနောက် တတိယနေရာမှာ ရပ်တည်နေပါတယ်။ ကလာဆန်ဟာ ဒီရာသီ ၃၇ ပွဲမှာ ကိုယ်တိုင် ၆ ဂိုးသွင်းပြီး အသင်းဖော်တွေအတွက် ၉ ဂိုး ထောက်ပံ့မှု လုပ်ပေးထားပါတယ်။

ကလာဆန်ဟာ လီဗာပူးနဲ့ စာချုပ်မှာ ၁ နှစ် သက်တမ်းပဲ ကျန်ရှိတော့တာဖြစ်ပြီး ကလော့ပ်ရဲ့ လက်အောက်မှာ စီနီယာပွဲကစားခွင့် ရဖို့ အခက်အခဲ ရှိပါတယ်။ နည်းစနစ်ကောင်းတဲ့ ကွင်းလယ်လူကို ကလော့ပ် အတော်လေး သဘောကျပေမယ့် လီဗာပူးမှာတော့ နေရာမရ ဖြစ်နေတာပါ။

သတင်းထောက် Sean Wallace က ဖော်ပြရာမှာ Aberdeen ဟာ ဒီနွေမှာ ကလာဆန်ကို အပြီးသတ် စာချုပ်ဖြင့် ကမ်းလှမ်းမယ်လို့ သိထားရတယ်။ ၎င်းတို့ဟာ အလွတ် ဒါမှမဟုတ် အငှားဖြင့်ပဲ ကစားသမား ခေါ်ယူလေ့ရှိကာ ကလာဆန်ကို ခေါ်မယ်ဆိုရင် ကလပ်စံချိန်တင်ကြေး ပေါင် ၁ သန်းထက် အများကြီး ပိုပေးရမှာပါ။

ဒီနှစ်တွေမှာ လီဗာပူးအသင်းဟာ အကယ်ဒမီ ကစားသမားတွေကို ပေါင် ၁၀ သန်း ဝန်းကျင်ဖြင့် ထွက်ခွာခွင့်တွေ ပေးထားပါတယ်။ ရိုင်ယန်ကန့်ကို ရိန်းဂျားအသင်းထံ ပေါင် ၁၂ သန်းဖြင့် ရောင်းချခဲ့ဖူးပြီး ကလာဆန်အတွက် ပြောင်းရွှေ့ကြေး မရပါဘဲ ထွက်ခွင့်ပေးမှာ မဟုတ်ပါဘူး။

ကလာဆန်ကလည်း စကော့ကလပ်မှာ ဆက်နေလိုဟန်ရှိပြီး “ဥရောပမှာ ပြန်တွေ့ကြရအောင်” လို့ Aberdeen ပရိသတ်တွေကို နှုတ်ဆက်ထားတာ ဖြစ်ပါတယ်