လီဗာပူးအတွက် စိတ်ပျက်စရာ ရာသီတစ်ခု ဖြစ်ခဲ့ပြီးနောက် နွေအပြောင်းအရွှေ့မှာ အသင်း ခေါ်ယူသင့်တဲ့ ကစားသမားတွေကို ဂျေမီကာရေဂါက ပြောပြခဲ့ပါတယ်။
ဒီနွေမှာ ဂျိမ်းစ်မီနာ၊ ချိန်ဘာလိန်နဲ့ ကီတာတို့အားလုံးဟာ ထွက်ခွာသွားတော့မှာဖြစ်ပြီး အငှားကစားသမား အာသာမယ်လိုလည်း ဂျူဗင်တပ်ကို ပြန်သွားတော့မှာပါ။ ဒါကြောင့် လီဗာပူးအတွက် ကလော့ပ် အဓိက အင်အားဖြည့်ရမယ့်နေရာက ကွင်းလယ်ဆိုတာ ရှင်းပါတယ်။
ဘယ်လင်ဟမ် ရောက်လာဖို့ ဖြစ်နိုင်ခြေ နည်းပါးသွားတာနဲ့အတူ ကာရေဂါက ပရီးမီးယားလိဂ် အတွေ့အကြုံရှိပြီးသားဖြစ်တဲ့ မေဆန်မောင့်နဲ့ အယ်လစ်စတာတို့ကို ခေါ်ယူဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
“ မေဆန်မောင့်က ထူးဆန်းတယ်။ လူတွေက သူ့ကို အကြောင်းပြချက် ပေါင်းစုံနဲ့ လျှော့တွက်နေကြတဲ့ပုံပါပဲ။ ကျွန်တော်ကတော့ သူ့ကို လျော့တွက်ကြတာကို နားမလည်ပါဘူး။ သူ့ကို အရမ်းသဘောကျတာ။ တကယ်ကြိုက်တယ်။ သူက ချန်ပီယံလိဂ်ရထားပြီးသား။ သူက ပြိုင်ဘက်ကို ဖိအားပေးနိုင်တဲ့ အင်အားရှိတယ်။
မောင့်က ဟန်ဒါဆန်ထက် ပိုပြီးတော့ ကွင်းလယ်ကနေ ဂိုးခြိမ်းခြောက်မှု ပေးမယ့်သူပါ။ ချယ်ဆီးက ထိပ်တန်းနည်းပြတိုင်းက သူ့ကို ရွေးချယ်ခဲ့တယ်။ သူက အင်္ဂလန်အတွက် ကစားပေးရတယ်။ သူ့အခြေအနေနဲ့ ပတ်သက်ပြီး ကလပ်ဘက်ကလည်း စဉ်းစားမယ်လို့ ထင်ပါတယ် ” လို့ ကာရေဂါက မှတ်ချက်ပေးခဲ့တယ်။
ဒါပေမယ့် လီဗာပူးဟာ ဆုဖလားတွေကို ထပ်ပြီးတော့ စိန်ခေါ်ချင်ရင် ခံစစ်ပိုင်း တိုးတက်ဖို့ လိုအပ်တယ်လို့ ကာရေဂါက ထောက်ပြခဲ့ပါတယ်။
“ မက်အယ်လစ်စတာနဲ့ မေဆန်မောင့်ကို ဝယ်လိုက်ရင် ကျွန်တော် ပျော်မှာပါ။ ပြီးတော့ ကွင်းလယ်ခံစစ် ကစားသမားတစ်ယောက်လည်း ခေါ်စေချင်တယ်။ ဘာလို့လဲဆိုတော့ မောင့်နဲ့ မက်ကယ်လစ်စတာက တိုက်စစ်အားသန်တွေမို့လို့ပါ။
ကျွန်တော်တို့ရဲ့ ပြဿနာက တိုက်စစ်မဟုတ်ပါဘူး။ ခံစစ်လို့ထင်တယ်။ မန်စီးတီးကို ယှဉ်ပြီး ဆုဖလားကြီးတွေအတွက် ယှဉ်ပြိုင်ချင်ရင် ခံစစ်ကို ဖြေရှင်းရမယ်။ ဒီရာသီမှာ ခံစစ်က အကြီးမားဆုံး ပြဿနာ ဖြစ်ခဲ့လို့ပါ ” လို့ ကာရေဂါက ပြောကြားခဲ့တာ ဖြစ်ပါတယ်။