

မက်အယ်လစ္စတာက နွေရာသီ ပထမဆုံးခေါ်ယူမှု အဖြစ် လီဗာပူးကို ရောက်လာဖို့ မျှော်လင့်ရတာကြောင့် အန်ဖီးမှာ အာဂျင်တီးနား ကွင်းလယ်လူက ဘယ်လောက်တောင် ကောင်းပြနိုင်မလဲ လေ့လာကြည့်ကြပါမယ်။
အာဂျင်တီးနား သတင်းတွေအရတော့ မက်အယ်လစ္စတာဟာ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်းနဲ့ ၅နှစ် စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး လာမယ့် အပတ်တွေအတွင်း လီဗာပူးနဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ဖွယ်ရှိပါတယ်။ ဘရိုက်တန်နည်းပြ ဒီဇာဘီဟာ သူ့ရဲ့ ကြယ်ပွင့် ကစားသမား ထွက်ခွာမှာကို မျှော်လင့်ထားကြောင်း ဝန်ခံခဲ့ပြီး ဖြစ်ပါတယ်။
လီဗာပူးဟာ မက်အယ်လစ္စတာအတွက် ပေါင်သန်း ၆၀ ဝန်းကျင် ပေးရမှာဖြစ်ပြီး ၎င်းဟာ ကလပ်ရဲ့ လေးယောက်မြောက် ဈေးအကြီးဆုံး၊ တတိယမြောက် ဈေးအမြင့်ဆုံး အာဂျင်တီးနား ကစားသမား ဖြစ်လာမှာပါ။
မက်အယ်လစ္စတာဟာ နာမည်ရှိပြီးသားဖြစ်ပေမယ့် သူနဲ့ ပတ်သက်လို့ သိသင့်တာတွေ ရှိနေပါသေးတယ်။ ဒါကြောင့် ဘရိုက်တန်ရေးရာ ကျွမ်းကျင်သူ Albion Obsessed နဲ့ လီဗာပူးဖန်ဆိုဒ် TIA ကြားက မေးမြန်းမှုကို LiverpoolThaDin ဖတ်ရှုသူတွေအတွက် မျှဝေသွားပါမယ်။
TIA – မက်အယ်လစ္စတာက ဘယ်လောက် ကောင်းခဲ့လဲ။
Albion Obsessed – သူက ဘရိုက်တန်မှာ မြင်ဖူးသမျှထဲ အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်ခဲ့တာပါ။ ဖွဲမီးလို တမြည့်မြည့် လောင်ကျွမ်းတဲ့သူဖြစ်ပြီး အာဂျင်တီးနားကနေ အင်္ဂလန်မှာ လာပြီး ဘဝသစ် စတင်နေတာပါ။
ဘရိုက်တန်အတွက် သူ့ရဲ့ ပထမဆုံးဂိုးက ပဲလေ့စ်နဲ့ပွဲမှာ နောက်ဆုံးမိနစ် ချေပဂိုး ဖြစ်ခဲ့ပြီး ဒါက ပရိသတ်တွေအတွက် ချက်ချင်းကို ရင်ထဲရောက်စေခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အလားအလာကို အရင်ထဲက မြင်နိုင်ပေမယ့် ပေါ်တာ လက်အောက်မှာ ပိုပြီး အနောက်ဆင်းဆော့ပြီး အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက် ဖြစ်လာခဲ့တာပါ။
သူ့ရဲ့ခြေစွမ်းက စိတ်လှုပ်ရှားစရာကောင်းခဲ့သလို အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလား အောင်မြင်မှုထဲမှာ သူ့ရဲ့ လွှမ်းမိုးမှုဟာ သူဘယ်လောက်ကောင်းတယ် ဆိုတာ ပြသနေတာပါ။
TIA – ဘရိုက်တန်အတွက် သူ ဘယ်နေရာမှာ ကစားခဲ့လဲ
Albion Obsessed – သူက ကွင်းလယ်နေရာတိုင်းမှာ ကစားခဲ့ပြီး လိုအပ်ရင် တောင်ပံတိုက်စစ် နေရာတွေမှာတောင် ကူပေးခဲ့ပါတယ်။ ကမ္ဘာ့ဖလားကနေ ပြန်လာပြီးကတည်းက ဒီဇာဘီက သူ့ကို နံပါတ် ၁၀ နေရာမှာ အသုံးချခဲ့တာပါ။ သူဟာ ဘရိုက်တန်ကို လှပတဲ့ ကစားပုံ ရရှိစေတဲ့ ကွင်းလယ်စက်တစ်ခုရဲ့ အရေးကြီး အစိတ်အပိုင်း ဖြစ်ပါတယ်။
TIA – သူ့ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေက ဘာလဲ
Albion Obsessed – အားနည်းချက်က အများကြီး မရှိပေမယ့် သူဟာ လူကပ်ခံရရင်တော့ နေရာလွတ်ရဖို့ ရုန်းကန်ရလေ့ ရှိပါတယ်။ သူက အကောင်းဆုံး အဆုံးသတ်သမားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘရိုက်တန် ကစားသမား ဘဝအတွင်း လုံးဝ အုတ်အော်သောင်းတင်း ဖြစ်စရာ ဂိုးတချို့ သွင်းယူခဲ့ပါတယ်။
အားသာချက်တွေအနေနဲ့ ဖျက်ထုတ်တာ အရမ်းပြင်းထန်တယ်၊ ပွဲကို အပြည့်အဝ နားလည်နိုင်တယ်၊ စွယ်စုံရ အသင်းလိုက်ကစားသမား တစ်ယောက်လိုပါပဲ။ သူ့ဘေးက လူတိုင်းကိုပါ ဆွဲခေါ်ပေးဖို့ အမြဲ ကြိုးစားနေမယ့်သူဖြစ်ပြီး တစ်ရာသီမှာ ၈ဂိုးကနေ ၁၀ဂိုးအထိ သွင်းပေးပါလိမ့်မယ်။
TIA – ဘယ်ကစားသမားတွေနဲ့ ဆင်လဲ
Albion Obsessed – သူက တကွင်းလုံးမှာ နေရာအများကြီး ကစားနိုင်တော့ နှိုင်းယှဉ်ဖို့က ခက်ပါတယ်။ တိုက်စစ်က နေရာအစုံနီးပါးကနေ ဂိုးတွေရယူပေးမယ့် ကွင်းလယ်လူမျိုးဖြစ်ပြီး မင်းနဲ့ ရင်ဆိုင်ရရင်လည်း ဇွဲမလျှော့ပဲ ကြိုးစားသလို ပွဲကိုအနိုင်ရစေမယ့် ၉၈ မိနစ် ပင်နယ်တီကို တည်တည်ငြိမ်ငြိမ် သွင်းပေးမယ့်သူမျိုးပါ။
TIA – သူ့ရဲ့ အနာဂတ်က ဘယ်လောက်ထိ မြင့်မားလဲ
Albion Obsessed – မှန်ကန်တဲ့နည်းပြ လက်အောက်မှာ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်လာနိုင်တယ်လို့ ယုံပါတယ်။ ဘရိုက်တန်နဲ့ ဆက်နေရင်တောင် ဒီဇာဘီအောက်မှာ သူအဲ့လောက်အထိ ဖြစ်ထွန်းလာနိုင်ပါတယ်။
TIA – လီဗာပူးက အယ်လစ္စတာထံက ဘာတွေမျှော်လင့်နိုင်လဲ
Albion Obsessed – သူက မင်းရဲ့ အကောင်းဆုံး ကွင်းလယ်လူ ဖြစ်မှာပါ။ သူ့မှာ လုံလောက်တဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိပြီးသားဖြစ်ပြီး တခြားသော ကမ္ဘာ့အဆင့် ခြေစွမ်းပိုင်ရှင်တွေနဲ့ တိုးတက်နေပြီးသား လီဗာပူးအသင်းမှာ အတူတူကစားရတဲ့အခါ သူက အောင်မြင်ဖြစ်ထွန်းလာမှာဖြစ်ပါတယ်။