လီဗာပူးအသင်းဟာ နွေစျေးကွက်မှာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ကြိုးစားမှာဖြစ်ပြီး အဓိက ခေါ်ယူမှု ၂ ခုလောက်ဟာ အဆိုပါ ဧရိယာအတွက် လက်မှတ်ထိုးခြင်း ဖြစ်လာမယ်လို့ သုံးသပ်ခံထားရတယ်။
မီလ်နာ၊ ချိန်ဘာလိန်၊ ကိတ်တာနဲ့ အာသာတို့ ထွက်ခွာသွားမယ့် ကွင်းလယ်အတွက် လီဗာပူးအသင်းက အယ်လစ္စတာ၊ မေဆန်မောင့်၊ ဂရာဘင်ဗက်ချ်တို့ ၃ ဦးကို အဓိက ပစ်မှတ်တွေအဖြစ် ချိန်ရွယ်ထားပါတယ်။ ဒါပေမယ့်လို့ ကိစ္စတွေက မျှော်လင့်သလို ခပ်လွယ်လွယ် ဖြစ်မလာတာမျိုး ရှိလာနိုင်ပါတယ်။
ဘယ်လင်ဟမ်ကို ကာလရှည် ရည်မှန်းချက်အဖြစ် စောင့်ကြည့်ခဲ့ပေမယ့် ချန်ပီယံလိဂ် လွဲချော်ခြင်းအပြင် ဒေါ့မွန်ဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကြောင့် နောက်ဆုတ်ထားရပါပြီ။ လီဗာပူးဘက်က ကစားသမားကို ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်သလောက် အနေအထားဆိုပေမယ့် လုံးဝကြီး မျက်နှာလွဲခဲ့သေးတာ မဟုတ်ပါဘူး။
ဒီကာလတွေအတွင်း အယ်လစ္စတာအတွက် ကြိုးစားမှု ရှိထားခဲ့တယ်။ လီဗာပူးနဲ့ အယ်လစ္စတာကြား ၉၀% ထိ ပုဂ္ဂိုလ်ရေး သဘောတူညီထားပြီလို့ ရိုမန်နိုက ပြောနေပေမယ့် ဘရိုက်တန် ကွင်းလယ်လူကို မန်စီးတီးကလည်း စိတ်ဝင်စားလာတာမို့ ဒီလတွေအတွင်း ခပ်မြန်မြန် အပြီးသတ်မှု မလုပ်နိုင်ရင် နောက်ကောက်ကျနိုင်တာပါ။
မောင့်ကို ခေါ်ယူရေးမှာ မန်ယူနိုက်တက်၊ အာဆင်နယ်တို့က ဝင်ပါဖို့ စိတ်အားထက်သန်လာခြင်းနဲ့အတူ လီဗာပူးရဲ့ ရေပန်းစားမှုက နည်းပါးလာနေပါတယ်။ အခြားသော ပစ်မှတ်ဖြစ်တဲ့ ဂရာဗင်ဘက်ချ်အတွက်လည်း ဘိုင်ယန်မြူးနစ်ဘက်က လက်ခံ ဆွေးနွေးပေးလိုခြင်း မရှိပါဘူး။ လီဗာပူးအသင်းဟာ နွေဦးစားပေး ပစ်မှတ်တွေ အားလုံးကို လက်လွတ်ရနိုင်တဲ့ အခြေအနေမှာ ရှိနေဆဲပါ။
မာဆေးဆိုဒ် သတင်းဌာန Echo ကတော့ ၂၀၁၇ မှာ လီဗာပူးအသင်းဟာ ပူလီဆစ်၊ ဒရက်စလာ၊ ဂျူလီယန် ဘရန့်တို့ကို ခေါ်ယူဖို့ ကြိုးစားပေမယ့် မအောင်မြင်တဲ့နောက် ဆာလာကို ပြောင်းလဲ ခေါ်ယူခဲ့မှုကို ထောက်ပြခဲ့တယ်။ အရန်ပလန်အဖြစ် ပေါင် ၃၆.၉ သန်းတန် အပြောင်းအရွှေ့ ခေါ်ယူမှုဟာ လီဗာပူးသမိုင်းကို ပြောင်းလဲပေးခဲ့ပါတယ်။
ဒီနွေမှာ အယ်လစ္စတာ၊ မေဆန်မောင့်၊ ဂရာဗင်ဘက်ချ်တို့နဲ့ ပတ်သက်လို့ ယုံကြည်မှု လွန်ကဲမနေဘဲ သူတို့ ၃ ဦးလုံးကို မခေါ်နိုင်ရင်ဆိုတဲ့ အခြေအနေအတွက် အရန် ပလန်တွေကို သေချာလေး စီစဉ်ထားသင့်တယ်လို့ Echo က သတိပေးလာခဲ့ပြီ ဖြစ်ပါတယ်။