လီဗာပူးအသင်းဖော်တွေကို လာမယ့်ရာသီအတွက် ဆုဖလား စိန်ခေါ်သံ ပေးပို့လိုက်တဲ့ ဂျိုတာ

လီဗာပူးအသင်းဟာ လာမယ့်ရာသီမှာတော့ ဆုဖလားတွေ စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ် တစ်ကျော့ပြန်လာနိုင်အောင် အားထုတ်ရပါလိမ့်မယ်လို့ ဂျိုတာက အသင်းဖော်တွေကို နှိုးဆော်ခဲ့ပါတယ်။

ဧပရယ်လ ၉ ရက်နေ့မှာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ပြီးတဲ့နောက် ကစားတဲ့ အမှတ်ပေးပွဲ ၈ ပွဲအတွင်း ရနိုင်တဲ့ ၂၄ မှတ်ထဲက ၂၂ မှတ်ထိ စုဆောင်းနိုင်ခဲ့တဲ့ လီဗာပူးအသင်းဟာ ယူရိုပါလိဂ်ဝင်ခွင့်ကိုတော့ ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရာသီစ ညံ့ဖျင်းမှုတွေကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်တော့ လွဲချော်ခဲ့ပါပြီ။

ဆုဖလား ၄ လုံး စိန်ခေါ်နိုင်တဲ့ အသင်း အဖြစ်ကနေ ဆုဖလားလက်မဲ့ အခြေအနေထိ ကျဆင်းသွားမှုဟာ လက်မခံနိုင်စရာအဖြစ် ဂျိုတာက နားလည်ထားပါတယ်။ သူကပဲ ဒီကာလတွေအတွင်း ပရိသတ်တွေရဲ့ ပါဝင်မှုကို အသိအမှတ်ပြုကာ ဆုဖလားတွေအတွက် တိုက်ခိုက်ကြမယ်လို့ ပြောလာခဲ့ပါတယ်။

ဂျိုတာက ” အန်းဖီးမှာ အားလုံး အတူတကွ ရှိနေကြချိန်ဆိုရင် ပြိုင်ဘက်တွေ ကျော်လွှားဖို့ ခက်ခဲလှတဲ့ အတားဆီး ဖြစ်လာပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုက အမြဲတမ်းပါပဲ။ သူတို့က တစ်ခုခု မကျေမနပ် ပြောစရာရှိရင်တောင် ပွဲကစားနေချိန် မဟုတ်ဘဲ ပွဲပြီးမှပဲ ပြောကြပါတယ်။

ပွဲတွေအတွင်းမှာတော့ လီဗာပူးပရိသတ်တွေက အသင်းကို ကူညီနိုင်ဖို့ ပွဲအပေါ် သက်ရောက်မှုတွေ ရှိနိုင်ဖို့ပဲ ကြိုးစားပေးကြတယ်။ ကျနော်က အန်ဖီးကို ပြိုင်ဘက်အဖြစ် လာရောက် ရင်ဆိုင်ဖူးတာမို့ ဒီမှာ ကစားရတာ ဘယ်လောက်တောင် ခက်ခဲတယ်ဆိုတာ နားလည်ပါတယ်။

လာမယ့်ရာသီမှာ ကျနော်တို့တွေ သမိုင်းသစ်ကို ရေးထိုးကြတော့မှာပါ။ ကျနော်တို့ လီဗာပူးက ဆုဖလားတွေအတွက် တိုက်ခိုက်ဖို့ လိုအပ်ပါတယ်။ နောက်ရာသီမှာ ဆုဖလားတွေအတွက် တိုက်ခိုက်ဖို့ အခွင့်အရေးရအောင် အားထုတ်ရပါမယ် ” လို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီ နိမ့်ပါးမှုတွေဟာ လာမယ့်ရာသီအတွက် ခွန်အားဖြစ်လာဖို့ ရှိနေပြီး လက်တလောမှာတော့ နောက်ဆုံးသော အမှတ်ပေးပွဲဖြစ်တဲ့ ဆောက်သမ်တန်ပွဲအတွက် အာရုံစိုက်နေရမှာပဲ ဖြစ်ပါတယ်။