လီဗာပူးအသင်းဟာ ကွင်းလယ်အတွက် မက်အယ်လစ္စတာနဲ့ ချိတ်ဆက်နေပေမယ့် နောက်ထပ် ပစ်မှတ်အဖြစ် လီဂူးဝမ်းမှ တူဟမ်နဲ့ ဘွန်ဒက်လီဂါမှ ကူနေးတို့နဲ့ပါ သတင်းထွက်နေပါတယ်။
L’ÉQUIPE အပါအဝင် ပြင်သစ် နာမည်ကြီး သတင်းဌာနတွေကပဲ လီဗာပူးဟာ တူဟမ်ကို ခေါ်ယူနိုင်မလား အခြေအနေအတွက် စတင် စုံစမ်းထားခဲ့ပြီလို့ ဖော်ပြနေကြပါတယ်။
အသက် ၂၂ နှစ်အရွယ် ပြင်သစ်သား ကွင်းလယ်လူ တူဟမ်ကလည်း လီဗာပူးနဲ့ ထွက်နေတဲ့ သတင်းတွေကို သိထားပုံ ရပါတယ်။ လီဂူးဝမ်းကလပ် Nice အသင်းနဲ့ စာချုပ် ၂ နှစ် ကျန်ရှိနေသေးတဲ့ တူဟမ်ရဲ့ လေသံအရတော့ သူ့ကို ခေါ်ယူဖို့ အသင်းဘက်က ကနဦး အဆင့်လောက်ပဲ ရှိနေသေးဟန် တူပါတယ်။
တူဟမ်က “ ကျနော် တိုးတက်လာချင်တယ်၊ ကွင်းထဲမှာ ကစားပြီး ပျော်နေချင်ပါတယ်။ အခုချိန်မှာ ကျနော်က Nice အသင်းသား တစ်ယောက်ပါ။ ဒီမှာ အဆင်ပြေနေတယ်။
အသင်းကို ကျနော် တကယ် သဘောကျပြီး ကိုယ်ဘာသာ Nice ရဲ့ ကစားသမားအဖြစ် မြင်နေဆဲပါ။ ဒီမှာ အဆင်ပြေပြေပါပဲ။ အပြောင်းအရွှေ့အကြောင်း အသံတွေတော့ ထွက်နေပါတယ်။ ကျနော် ကြားပါတယ် ဒါပေမယ့် Nice မှာလည်း ပျော်နေပါတယ်။ ဒီအသင်းနဲ့အတူ တိုးတက်လာဖို့ မျှော်လင့်ပါတယ်။
နည်းပြကြီး ဒီဒီယာနဲ့အတူ ဒီမှာ ဆက်ရှိနေချင်ပါတယ်။ ငယ်ရွယ်တဲ့ ကစားသမားဘဝ ခက်ခဲချိန်မှာ သူက ကျနော်ကို အများကြီး ကူညီပေးခဲ့တာပါ ” လို့ ပြောပါတယ်။
ဒီရာသီ လီဂူးဝမ်း အကောင်းဆုံး အသင်းမှာ မက်ဆီ၊ အမ်ဘတ်ပီတို့နဲ့အတူ ပါဝင်သွားခဲ့တဲ့ တူဟမ်ကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ဝန်းကျင် ပေးရမှာဖြစ်ပါတယ်။