အန်ဖီးကို အထင်ကြီးတဲ့ ဗန်ဒီဗန်၊ ပရီးမီးယားလိဂ် ကလပ်ကိုပဲ ပြောင်းမှာပါဆိုတဲ့ အယ်လစ္စတာ၊ ဘယ်ခြမ်း ဗဟိုခံစစ်မှူးသစ် ဝယ်ယူဖို့ တောင်းဆိုခံရခြင်းနဲ့ လီဗာပူး သတင်းများ

လီဗာပူးအသင်းဟာ တိုက်စစ်မှူး ဖာမင်နိုအတွက် နောက်ဆုံးသော ဗီဒီယို တစ်ခုကို မကြာခင်မှာ ထုတ်လွှင့်မှာဖြစ်ကာ ကလေးဘဝ၊ လူငယ်ကြယ်ပွင့်ဘဝကနေ လီဗာပူးကနေ ထွက်ခွာတဲ့ထိ အခြေအနေကို သူ့မိသားစုဝင်တွေနဲ့ ဆွေးနွေး စကားပြောမှုတွေ ပါဝင်မှာပါ။

လီဗာပူးပစ်မှတ် ဗန်ဒီဗန်က ” လီဗာပူးကွင်းကို အဖေနဲ့အတူ တစ်ကြိမ် ရောက်ဖူးပါတယ်။ ဘောက်ဆင်ဒေးနေ့ပွဲ လီဗာပူးနဲ့ အာဆင်နယ်ပွဲပါ။ တကယ်ကို ရူးလောက်စရာပါ။ YNWA သီချင်း သီဆိုကြတဲ့ အခိုက်အတန့်ကတော့ သိပ်ကောင်းတာပါပဲ။ ဒီမှာ ကစားဖို့ အိပ်မက်ရှိပါတယ် ” လို့ ထုတ်ပြောလာပါတယ်။

အယ်လစ္စတာဟာ ဒီနွေမှာ လီဗာပူးအသင်းကို ပြောင်းမယ့် ပထမဆုံး ကစားသမား ဖြစ်မယ်လို့ လန်ဒန် သတင်းထောက်တွေက ဖော်ပြပါတယ်။

ဂရာဗင်ဘက်ချ်ဟာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာလိုဆဲဖြစ်ကာ အင်္ဂလန်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။ လီဗာပူးအသင်းက သူ့ကို ခေါ်ယူဖို့ သတင်းကြီးထားတာ ဖြစ်ပါတယ်။

ပါဗက်ကို စိတ်ဝင်စားနေတဲ့ ကလပ်တွေဟာ ညာအစွန်လူအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ပေးရပါမယ်။ ဘာစီလိုနာ၊ အင်တာမီလန်နည်းတူ လီဗာပူးကလည်း ပြင်သစ်သားကို စိတ်ဝင်စားမှု ပြသထားပါတယ်။

ဘရိုက်တန်ကနေ ထွက်ခွာပြီးရင် သူ့ရဲ့ နောက်ထပ်ကလပ်ဟာ ပရီးမီးယားလိဂ်က ကလပ်ပဲ ဖြစ်လာပါလိမ့်မယ်လို့ အယ်လစ္စတာက ပြောပါတယ်။

ဘာစီလိုနာ ခံစစ်သမား Ronald Araujo က သူဟာ ဗန်ဒိုက်ရဲ့ ကစားပုံနဲ့ မန်စီးတီး ခံစစ်မှူးတွေရဲ့ ကစားဟန်တွေကို အတုယူခဲ့ပါကြောင်း ဝန်ခံပါတယ်။

လီဗာပူးအသင်းဟာ ဘယ်ခြမ်းအစွန်လူ တာဝန်တွေကို ပူးတွဲယူနိုင်တဲ့ ဘယ်ခြေသန် ဗဟိုခံစစ်မှူးသစ် တစ်ဦး ခေါ်ယူဖို့ လိုအပ်ကြောင်း ကာရေဂါက တောင်းဆိုလိုက်ပါတယ်။

လီဗာပူးအသင်း အားကစားဒါရိုက်တာ ဂျော့ရှမတ်ကီရဲ့ သားဖြစ်သူဟာ လက်ရှိ မိုချန်ဂလာဘတ်အသင်းရဲ့ အားကစားဒါရိုက်တာ ရာထူးကို ရယူထားပါတယ်။