နောက်တပတ်ထဲမှာ လီဗာပူးအသင်းထံ ပြောင်းရွှေ့တော့မယ် သတင်းကြီးနေတဲ့ ဘရိုက်တန် ကွင်းလယ် ကြယ်ပွင့် မက်အယ်လစ္စတာကတော့ အပြောင်းအရွှေ့ သတင်းတွေကြား သူ့ ဦးတည်ရာက ဘယ်ကိုလဲ ဆိုတာ ထုတ်ဖော် ပြောဆိုလာပါတယ်။
အာဂျင်တီးနားအသင်းနဲ့ အတူ ကမ္ဘာ့ ချန်ပီယံ ဖြစ်ထားတဲ့ မက် အယ်လစ္စတာက ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကွင်းလယ် ကစားသမားတွေထဲ ပါဝင်လာနေပြီး လက်ရှိကလပ် ဘရိုက်တန်နဲ့ လေးနှစ်စာချုပ်ကလည်း ကုန်ဆုံးခါနီး နေပါပြီ။
ဘရိုက်တန်အသင်းရဲ့ ယူရိုပါလိဂ် ဝင်ခွင့် ရသွားတဲ့ ဒီရာသီ အောင်မြင်မှုမှာ အယ်လစ္စတာကလည်း အဓိက ပါဝင် ကူညီနိုင်သူ ဖြစ်ခဲ့ပါတယ်။
အသက် ၂၄ နှစ် အရွယ် ပလေးမိတ်ကာ ကစားသမားကို ချယ်ဆီးအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ၎င်းကို ခေါ်ယူရေးမှာ လီဗာပူးက အသာရနေတယ် သတင်းထွက်နေပြီး အားကစား ဒါရိုက်တာ သစ် ရှမက်ကီရဲ့ ဦးဆုံး ခေါ်ယူမှု ဖြစ်မယ်လို့လည်း ဆိုနေကြတာပါ။
လာမယ့် သီတင်းပတ်ထဲ လီဗာပူးထံ ပြောင်းရွှေ့ လာဖို့ များနေပြီ သတင်းထွက်နေတဲ့ မက် အယ်လစ္စတာက လတ်လော အင်တာဗျူးမှာ ခုလို ဖွင့်ဟလာပါတယ်။
” ကျနော်ကတော့ အတော်ကို စိတ်အေးလက်အေး ရှိနေပါတယ်။ ကျနော် အသင်း ပြောင်းဖို့ မလိုဘူး ဆိုရင်လည်း ဘရိုက်တန်မှာပဲ ပျော်ပျော်ရွှင်ရွှင် နေမှာပါ။ ဒါပေမယ့် ကလပ်ဆီကိုရော ကျနော့် အတွက်ပါ ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ ရမယ် ဆိုရင်တော့ အသင်းပြောင်းဖို့ ရှိပါမယ်။ ဒါကို ကျနော်တို့ သေချာ စိစစ်မှာပါ။
ပရီးမီးယားလိဂ်က အကောင်းဆုံး လိဂ် ပဲ ဆိုတာ ယုံမှားသံသယ မရှိပါဘူး။ ဒါကြောင့်ပဲ ကျနော် ဒီမှာ ကစားနေတာပါ။ ကျနော့်ရဲ့ နောက်ထပ် ကလပ် အသင်း ဆိုရင်လည်း ပရီးမီးယားလိဂ်ကပဲ ဖြစ်ပါမယ်။ ကျနော် ဒီမှာ အတော်ကြီး ပျော်နေတာပါ။
ဆုဖလားတွေ ရဖို့ အတွက် လူပုဂ္ဂိုလ် အနေနဲ့ရော ကစားသမား တစ်ယောက် အနေနဲ့ပါ တိုးတက်မှု ရှိနေဖို့ပဲ။ ဒါကိုပဲ ဦးတည် ရည်ရွယ်ထားပါတယ်။ ” လို့ အယ်လစ္စတာက ဆိုထားပါတယ်။
ဒါကြောင့် အာဂျင်တိုင်းသားရဲ့ အဆိုအရ သူ့ရဲ့ နောက်ထပ် လားရာ ဟာ ပရီးမီးယားလိဂ် ကလပ်ပဲ ဖြစ်မှာ သေချာနေပါတယ်။