NEWS: ကာဗာရိုအတွက် လိုက်ဇစ်ဘက်က ဒုတိယမြောက် ကမ်းလှမ်းမှု ပေးပို့မည်

လိုက်ဇစ်အသင်းဟာ ဖေဘီယို ကာဗာရိုအတွက် ဒုတိယမြောက် ကမ်းလှမ်းမှုကို မကြာခင် ပြုလုပ်သွားဖို့ စီစဉ်နေပါပြီ။

ချန်ပီယံလိဂ်ကလပ်နဲ့ ပရီးမီးယားလိဂ်ကလပ်တွေဟာ ပေါ်တူဂီ ကြယ်ပွင့်ကို အန်ဖီးကနေ ဆွဲထုတ်ဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်း ဂျာမာန်ကလပ်ရဲ့ ပထမဆုံးအကြိမ် ကမ်းလှမ်းမှုဟာ ပေါင် ၁၀ သန်း ဝန်းကျင်ဖြစ်ပြီး လီဗာပူးဘက်က ပယ်ချခဲ့ပါတယ်။

လီဗာပူးတာဝန်ရှိသူတွေက ကာဗာရိုကို အသင်းမှာ အနာဂတ်ရှည် ရှိနေဖို့ မျှော်လင့်ထားကာ လာမယ့်ရာသီမှာ အပြီးသတ် ရောင်းထုတ်ဖို့အတွက် ဆန္ဒ မရှိဘဲ အငှားဖြင့်ပဲ ထွက်ခွင့်ပေးလိုတာပါ။

များပြားတဲ့ ပြောင်းရွှေ့ကြေးလို့ ဖော်ပြခဲ့ပေမယ့် မနှစ်ကနွေမှာ လီဗာပူးကို ပေါင် ၇.၇ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ကာဗာရိုအတွက် လိုက်ဇစ်ဘက်က ပေါင် ၁၀ သန်း ဝန်းကျင်မှာပဲ ကမ်းလှမ်းခဲ့တာပါ။ မကြာခင်မှာတော့ ၎င်းတို့ထံက ဒုတိယမြောက် ကမ်းလှမ်းမှု ရှိလာပါလိမ့်မယ်။

ဘန်လေ၊ ဝက်စ်ဟမ်းနဲ့ ဘရန့်ဖိုဒ့်တို့က တစ်ရာသီ အငှားဖြင့် ခေါ်ယူလိုနေတဲ့ ကာဗာရို ကိုယ်တိုင်ကတော့ လာမယ့်ရာသီ ပုံမှန် ပွဲကစားခွင့်ပေးမယ့် အသင်းထံ ပြောင်းလိုနေပါတယ်။

ကလော့ပ်နဲ့ ကစားသမားတို့ဟာ ဒီနွေမှာ စကားပြောကြမှာဖြစ်ပြီး ကာဗာရိုရဲ့ ဆန္ဒကို နားထောင်ပေးသွားမှာပါ။ ကာဗာရိုကို အပြီးသတ် ရောင်းချမလား တရာသီ အငှားချမလားက နောက်ထပ်သော ကမ်းလှမ်းခံရမှုတွေအပေါ် မူတည်နေမှာဖြစ်ပေမယ့် ပေါင် ၁၅ သန်းထက် မပိုတဲ့ ပြောင်းရွှေ့ကြေးပဲ ရရှိဖွယ် ရှိနေပါတယ်။