အယ်လစ္စတာ အပြောင်းအရွှေ့ လီဗာပူးဘက်က လောင်းကြေးထပ်ထားတဲ့ သတင်းထောက် ရိုမန်နို

နာမည်ကြီး ဗြိတိန်သတင်းဌာနကို ဆန့်ကျင်ပြီး လီဗာပူးအသင်းထံ အယ်လစ္စတာ ပြောင်းရွှေ့ပါလိမ့်မယ်လို့ ပြီးခဲ့တဲ့ လကတည်းက ယုံယုံကြည်ကြည် ဖော်ပြနေတဲ့ ရိုမန်နိုဟာ မကြာခင်မှာတော့ သူ့ရဲ့ ဂုဏ်သိက္ခာကို မှတ်ကျောက်တင် ခံရတော့မှာပါ။

ဘောလုံးရာသီ မသိမ်းခင်မှာတင် ချန်ပီယံလိဂ်ဝင်ခွင့် မသေချာခြင်းကြောင့် ကာလရှည် ပစ်မှတ် ဘယ်လင်ဟမ်ကို လက်လွတ်ခဲ့ရတဲ့ လီဗာပူးအသင်းဟာ ဘရိုက်တန်မှ အသက် ၂၄ နှစ်အရွယ် အယ်လစ္စတာကို ပြောင်းလဲ ချိန်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်း ဒီရာသီကို အဆင့် ၅ နေရာကပဲ ရာသီသိမ်းခြင်းကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ် လွဲချော်ခဲ့ပါတယ်။ ဒါကြောင့် အဓိက ပစ်မှတ်တွေကို လက်လွတ်ရမယ်လို့ ယူဆချက်တွေ များပြားခဲ့ပါတယ်။

မေလ ၁၅ ရက်နေ့မှာတော့ အယ်လစ္စတာဟာ ဒီနွေမှာ ဘရိုက်တန်က ထွက်ခွာခဲ့ရင် လီဗာပူး ပြောင်းဖို့ထက် ချန်ပီယံလိဂ် ဝင်ခွင့်ရ ကလပ်ကို ရွေးချယ်လိုနေကြောင်း ဗြိတိန် နာမည်ကြီး သတင်းဌာန The Athletic မှ သတင်းထောက် Andy Naylor က ဖော်ပြခဲ့တာပါ။

အဲ့တုန်းက သတင်းထောက် ရိုမန်နိုကပဲ ” ဘယ်သူ ညာနေသလဲဆိုတာ ငါတို့အားလုံး တွေ့ကြရမှာပါ ” လို့ ဆိုပြီး အယ်လစ္စတာ လီဗာပူးကိုပဲ ရောက်မယ် ဆိုတဲ့ဘက်က ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ လီဗာပူးနဲ့ ဘရိုက်တန်ကြား ပုဂ္ဂိုလ်ရေးဆိုင်ရာ ညိနှိုင်းမှု အပြီးသတ် သဘောတူညီမှု ရခဲ့ပြီဖြစ်ကာ လာမယ့် ၄၈ နာရီအတွင်း ဆေးစစ်မှု ပြီးမြောက်မှာ ဖြစ်ပါတယ်။

နောက်အပတ်မှာ အယ်လစ္စတာကို ခေါ်ယူနိုင်ကြောင်း ကြေညာဖို့ ရှိလာခြင်းနဲ့အတူ ရိုမန်နိုဟာ အပြောင်းအရွှေ့တွေမှာ တိကျလှသူဆိုတဲ့ သူ့ရဲ့ ဂုဏ်သိက္ခာကို ထပ်မံ မှတ်ကျောက်တင်ခံတော့မှာ ဖြစ်ပါတယ်။