လီဗာပူးက ဗီဂါကို ခေါ်ယူဖို့ အခြေအနေ ကောင်းနေကြောင်း အင်္ဂလန်နဲ့ စပိန်သတင်းတွေ ဖော်ပြလာ

မက်အယ်လစ္စတာက အယ်ဆာ လေ့ကျင့်ရေးတံခါးကို ပထမဆုံးခေါက်မယ့် နွေရာသီ ကစားသမားသစ် ဖြစ်လာတော့မယ့်နောက် နောက်ထပ် ဘယ်သူတွေကကော လီဗာပူးထံ ပြောင်းလာကြဦးမလဲ?

ဒီမေးခွန်းဟာ လီဗာပူးပရိသတ်တိုင်း စိတ်ဝင်စားနေကြတာဖြစ်ပြီး လက်မှတ်ထိုးမှု ၄ ခုဝန်းကျင်လောက် ရှိနိုင်မယ်လို့ သိထားရပါတယ်။ နောက်ထပ် ခေါ်ယူမှု ၂ ခုဟာဆိုရင် အယ်လစ္စတာလို ကွင်းလယ်လူသစ်တွေ ဖြစ်လာတော့မှာပါ။

ပြင်သစ်ကလပ် OGC Nice အသင်းမှ တူဟမ်၊ ဂျာမနီကလပ် မိုချန်ဂလတ်ဘတ်အသင်းမှ မန်နူကူနေး၊ ဘိုင်ယန်မြူးနစ်မှ ဂရာဗင်ဘက်ချ်နဲ့ ဆောက်သမ်တန်မှ ရိုမီရို လာဗီယာတို့ကို လီဗာပူးဘက်က စိတ်ဝင်စားနေပါတယ်။

သို့ပေမယ့် ဒီရက်ပိုင်း သတင်းတွေမှာ လီဗာပူးဟာ ဆယ်တာဗီဂို ကွင်းလယ်လူ ဗီဂါကို ခေါ်ယူရေး အရေးသာနိုင်ကြောင်းတွေ ဖော်ပြလာကြတယ်။ ဆယ်တာအခြေစိုက် သတင်းထောက်တွေကလည်း အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူရဲ့ နောက်ထပ် ကလပ်ဟာ အန်ဖီးပါဆိုတဲ့ သဘောတွေ ရေးသားလာနေပါတယ်။

နယူးကာဆယ်၊ မန်ယူနိုက်တက်၊ မန်စီးတီးတို့ဟာ ဗီဂါကို ခေါ်ယူရေး လီဗာပူးနဲ့အပြိုင် စိတ်ဝင်စားနေကြတာပါ။ နယူးကာဆယ်ကတော့ စပိန်သားကို လက်မှတ်ထိုးနိုင်ရေး ကြိုးစားမှုကနေ နောက်ဆုတ်သွားတဲ့ အခြေအနေဖြစ်ပါတယ်။

ဒီရာသီ ဆယ်တာအသင်းရဲ့ နောက်ဆုံးပွဲအပြီးမှာ ဗီဂါက ကွင်းထဲ ငိုချခဲ့တဲ့ အခြေအနေက သူဟာ နောက်ရာသီ စိန်ခေါ်မှုအသစ်တွေအတွက် ထွက်ခွာမယ်လို့ သုံးသပ်ခံရတယ်။ သူ့အတွက် စာချုပ်ပါ ပြောင်းရွှေ့ကြေးက ယူရို သန်း ၄၀ ဖြစ်ပါတယ်။

လီဗာပူးက အယ်လစ္စတာကို လက်မှတ်ထိုးမှု မပြီးမချင်း အခြားသော ခေါ်ယူမှုတွေကို လုပ်ဆောင်ဖွယ် မရှိသေးပါဘူး။ ဒါပေမယ့် ဗီဂါဟာ လီဗာပူးပရိသတ်တွေ စောင့်ကြည့်ထားဖို့ လိုအပ်တဲ့ နာမည်တစ်ခု ဖြစ်လာနေခဲ့ပါပြီ။