လီဗာပူးအသင်းရဲ့ အသက် အငယ်ဆုံး ပွဲထွက် ကစားသမား အဖြစ်ကနေ ကြက်ကြော်ဆိုင် ပိုင်ရှင်ဖြစ်သွားသူ

လီဗာပူးအသင်းအတွက် အသက်အငယ်ဆုံး ပွဲထွက် ကစားခဲ့သူက နည်းပြ ဘရန်ဒန် ရော်ဂျာ ခေတ်မှာ အသက် ၁၆ နှစ်နဲ့ စ ပွဲထွက် ကစားခွင့်ရခဲ့သူ ဂျယ်ရိုမီ ဆင်ကလဲယား ဖြစ်ပါတယ်။

ဒီလို မှတ်တမ်းကောင်း ရှိခဲ့သူ ဖြစ်ပေမယ့် လက်ရှိမှာတော့ ဆင်ကလဲယား ဟာ ခေါ်မယ့် ကလပ်အသင်း မရှိတော့ တာကြောင့် ဘာမင်ဂမ်ဘက်မှာ ကြက်ကြော်ဆိုင် ဖွင့်ထားရပါပြီ။ ၂၀၁၂ တုန်းက တောက်ပတဲ့ အနာဂတ် ပိုင်ရှင်လို့ ထင်ခဲ့ရတဲ့ ဆင်ကလဲယားရဲ့ လက်ရှိ အနေအထားက အကွာကြီး ကွာခြား သွားပါတယ်။

ဆင်ကလဲယား ဟာ ဝက်စ်ဘရွန်း အကယ်ဒမီထွက် ဖြစ်ပြီး ၂၀၁၁ မှာ ပေါင် ၂ သိန်းနဲ့ လီဗာပူးအသင်းက ခေါ်ယူသွားတာပါ။ နည်းပြ အဖွဲ့ဝင်တွေ အမြင်မှာတော့ ဆင်ကလဲယား ဟာ စတာလင်ထက် အသင်းမှာ တိုးတက်မှု မြန်ပြီး U16, U18 အသင်းတွေမှာ ပို နေရာပေးခံခဲ့ရပါတယ်။

အသက် ၁၆ နှစ်နဲ့ ၆ ရက်သား အရွယ်မှာ ဆင်ကလဲယား ဟာ သူ့ရဲ့ ငယ်ဘဝကလပ် ဝက်စ်ဘရွန်းအသင်းနဲ့ လီဗာပူး တွေ့တဲ့ ပွဲမှာ ပွဲထွက် ကစားခဲ့တာ ဖြစ်ပြီး ထို လိဂ်ဖလား ပွဲမှာ လီဗာပူး က ၂-၁ နဲ့ နိုင်ခဲ့ပါတယ်။

” အားလုံးက မြန်မြန်ဆန်ဆန်ကြီးကို ဖြစ်ပျက် ပြောင်းလဲသွားတာပါ။ ကျနော် အဲဒီတုန်းက ကျောင်းမှာ Year 11 တက်နေတာပါ။ မဲလ်ဝုဒ်မှာ အသင်းကြီးနဲ့ အတူ ပထမဆုံး ထရိန်နင် ဆင်းရတာက ဘဝမှာ အကောင်းဆုံး အခိုက် အတန့်ပဲ၊ ကျနော့် ထိချက်တိုင်းက ဂိုး ဖြစ်နေတဲ့ ကာလပေါ့ဗျာ။

ကျနော့် နည်းပြ ပြောခဲ့တာကိုလည်း ဘယ်တော့မှာ မမေ့ဘူး။ ‘ မင်း သိပ်ကောင်းလာနေတယ်။ အသက် ၁၆ နှစ် အရွယ်မှာတောင် မင်းမှာ ဘာ ကြောက်စိတ်မှ မရှိဘူး။ ‘ တဲ့။ ” လို့ ဆင်ကလဲယားက သူ့ အဖြစ်ကို ရင်ဖွင့်ခဲ့ပါတယ်။

လီဗာပူးအသင်းမှာ ဆွာရက်စ်၊ ကော်တင်ညို၊ စတီဗင် ဂျရတ် တို့လို ကြယ်ပွင့်ကြီးတွေ ထွန်းတောက်နေချိန် ဖြစ်တာကြောင့် ဆင်ကလဲယားဟာ လီဗာပူး အသင်းကြီးနဲ့ အတူ နောက်ထပ် ၄ ပွဲသာ ပါဝင်ခွင့် ရခဲ့ပါတယ်။

၂နှစ် အကြာမှာတော့ ဆင်ကလဲယားနဲ့ လီဗာပူးအသင်း စာချုပ်သစ် ညှိနှိုင်း မရတော့တာကြောင့် ဝက်ဖို့ဒ်က ပေါင် ၄ သန်းမျှနဲ့ ၎င်းကို ခေါ်သွားခဲ့ပါတယ်။ ဝက်ဖို့ဒ်မှာလည်း ၅ နှစ်တာလုံး ရုန်းကန်နေရတာကြောင့် အငှားတွေ စေလွှတ်ခံခဲ့ရပါသေးတယ်။

နောက်ဆုံး အောက်စ်ဖို့ဒ် ယူနိုက်တက် အသင်းမှာ အစမ်း သွား ကစားခဲ့သေးပေမယ့် ခေါ်ယူခြင်း မခံရတော့တာကြောင့် ဆင်ကလဲယားဟာ ဘောလုံးသမား ဘဝကို လက်လျှော့ကာ ကိုယ်ပိုင် ကြက်ကြော်နဲ့ ဘာဂါ ဆိုင်လေး ဖွင့်ပြီး ဘဝကို ဖြတ်သန်းနေပြီ ဖြစ်ပါတယ်။