

လီဗာပူးဟာ လာမယ့် အပတ်မှာတော့ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူ မက် အယ်လစ္စတာကို အပြီးသတ် ခေါ်ယူနိုင်မယ်လို့ သတင်းကြီးနေပါတယ်။
အာဂျင်တီးနားနဲ့ ဘရိုက်တန် ကွင်းလယ်လူကို လီဗာပူးအသင်း ခေါ်ယူနိုင်ခြင်းဟာ လာမယ့်ရာသီ အဆင့် ၄ ဝင်ခွင့်အတွက်ကော၊ ပရီးမီးယားလိဂ်ဖလား ပြန်လည် စိန်ခေါ်နိုင်ဖို့ပါ အဓိက ကျလာနိုင်ပါတယ်။ အယ်လစ္စတာဟာ ဘယ်လို ကစားသမားလဲ ဆိုတာအတွက် ဗြိတိန် ဝေဖန်ရေးဆရာ ပေါမာဆန်က အခုလို မြင်ပါတယ်။
ပေါမာဆန်က “ လီဗာပူးက အဆင့် ၄ နေရာအတွက်ပဲ ဖြစ်ဖြစ် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ပဲ ဖြစ်ဖြစ် စိန်ခေါ်မှု လုပ်လိုတယ်ဆိုရင် အယ်လစ္စတာကို ခေါ်ယူလိုက်တာက ကောင်းမွန်တဲ့ လက်မှတ်ထိုးမှု ဖြစ်လာပါလိမ့်မယ်။
သူက ထိပ်တန်းကစားသမားတစ်ယောက်၊ ကမ္ဘာ့ဖလား ချန်ပီယံတစ်ယောက်နဲ့ ပရီးမီးယားလိဂ်မှာ ကြီးကြီးမားမား လွှမ်းမိုးမှုရှိသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။
သူက ကစားသမားကောင်းဖြစ်ပြီး ကွင်းအတွင်းမှာ တည်ငြိမ်တဲ့ လွှမ်းမိုးမှု ရှိပါတယ်။ သူက ဘောလုံးကို ထိန်းထားနိုင်ပြီး တိုးတက်မှုတွေ ရှိလာစေတယ်။ သွင်းဂိုးမပါတဲ့ ဂွမ်ဒိုဂန်လို ကစားသမားမျိုး နည်းနည်းဆန်ပါတယ်။
အယ်လစ္စတာက လီဗာပူး အလိုရှိထားဖူးတဲ့ ဘယ်လင်ဟမ်နဲ့ မတူညီတဲ့ ကစားသမားပါ။ ဘယ်လင်ဟမ်က တိုက်စစ်ပိုလိုက်ပြီး အယ်လစ္စတာက ရိုးရှင်းတဲ့ တာဝန်တွေကို ရယူတတ်သူပါ။ ဒါကြောင့်ပဲ အယ်လစ္စတာက ရိုးရိုးကစားဟန်ကြီးလို့ လူတွေ ထင်မှတ်ကြနိုင်ပေမယ့် ကစားသမားတိုင်းက သူ့လို လုပ်နိုင်တာ မဟုတ်ပါဘူး ” လို့ နှိုင်းယှဉ်ခဲ့ကြတာ ဖြစ်ပါတယ်။
အယ်လစ္စတာဟာ လီဗာပူးကွင်းလယ်မှာ ဖာဘင်ညိုနဲ့ တွဲဖက်ရမှာဖြစ်ပြီး နောက်ထပ်သော ကွင်းလယ်လူသစ်တွေလည်း ရောက်လာဦးမှာ ဖြစ်ပါတယ်။