အယ်လစ္စတာကို ခေါ်ယူဖို့ သဘောတူညီမှု ရထားတဲ့ လီဗာပူးက နောက်ထပ် ကွင်းလယ်လူသစ် ၂ ဦးအတွက် တိုက်ရိုက် ဆွေးနွေး

လီဗာပူးအသင်းဟာ ဘရိုက်တန်ကွင်းလယ်လူ အယ်လစ္စတာကို ခေါ်ယူနိုင်ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားခဲ့တာဖြစ်ပေမယ့် နောက်ထပ် ကွင်းလယ်လူတွေအတွက် ထပ်မံ ကြိုးစားနေပါပြီ။

ဒီအပတ်ထဲမှာပဲ လီဗာပူးအသင်းဟာ ပြင်သစ် ကွင်းလယ်လူတွေဖြစ်တဲ့ မန်နူကူနေး၊ ကီဖရမ်း သူဟမ်တို့ရဲ့ အေးဂျင့်တွေဖြင့် စကားပြောမှု ပြုလုပ်ထားတာပါ။ သူတို့ နှစ်ဦးအတွက် ယူရို သန်း ၇၀ ဝန်းကျင် သုံးရမှာဖြစ်ပါတယ်။

လီဂူးဝမ်းနဲ့ ဘွန်ဒက်လီဂါတို့မှာ တောက်ပတဲ့ စွမ်းဆောင်ရည်တွေ ပြသနေတဲ့ သူတို့ကို ခေါ်ယူရေးအား အယ်လစ္စတာ ကိစ္စ အပြီးသတ်ပြီးမှ စကားပြောဖို့ လီဗာပူးဘက်က အေးဂျင့်တွေကို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

ရိုမန်နိုကပဲ ” လီဗာပူးက မန်နူကူနေး၊ ကီဖရမ်း သူဟမ်တို့ရဲ့ အေးဂျင့်တွေနဲ့ တိုက်ရိုက် တွေ့ဆုံမှုကို ဒီအပတ်ထဲမှာ ထပ်လုပ်ခဲ့ပါတယ်။ တရားဝင် ကမ်းလှမ်းမှု မတိုင်ခင် ကနဦး စကားပြောမှုတွေ လုပ်ခဲ့ကြတယ်။

အယ်လစ္စတာကို ခေါ်ယူရေးကိစ္စ အပြီးသတ်နိုင်ရေး အချိန်နည်းနည်းပေးဖို့ လီဗာပူးဘက်က တောင်းဆိုထားသလို ပြီးရင်တော့ ကွင်းလယ်လူသစ်တွေ ကိစ္စကို အပြီးသတ် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ” လို့ ပြောလာခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဇွန်လထဲမှာ အပြောင်းအရွှေ့တွေကို အပြီးသတ်ဖို့ မျှော်လင့်ထားပေမယ့် အချို့သော ခေါ်ယူမှုတွေကတော့ ဇူလိုင်လထဲထိ ရောက်ရှိသွားဖို့ ရှိနေပါတယ်။