မက်အယ်လစ္စတာကို ကစားသမားသစ်အဖြစ် ဒီကနေ့မှာ ကြေညာဖို့ရှိခြင်းနဲ့ လီဗာပူး သတင်းတိုများ

မက်အယ်လစ္စတာဟာ လီဗာပူးအသင်းနဲ့ ဆေးစစ်မှု အောင်မြင်သွားပြီဖြစ်ကာ ဒီကနေ့မှာပဲ ကစားသမားသစ်အဖြစ် လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။ သူ့ရဲ့ စာချုပ်က ၂၀၂၈ ခုနှစ်ထိ ဖြစ်ပါလိမ့်မယ်။

ဘီဘီစီကတော့ ဒီကနေ့မှာ လီဗာပူးအသင်း ကစားသမားသစ် ဖြစ်လာမယ့် အာဂျင်တီးနား ကွင်းလယ်လူ အယ်လစ္စတာအတွက် အန်ဖီးကလပ်က ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်း မကျော်ဘူးလို့ ဖော်ထုတ်လာပါတယ်။

လီဗာပူးဘက်က စိတ်ဝင်စားနေတဲ့ ချယ်ဆီးခံစစ်မှူး လီဗီကိုးဝယ်ကို ဘရိုက်တန်ဘက်က ပေါင် သန်း ၃၀ ဖြင့် ကမ်းလှမ်းရာမှာ ပယ်ချခံခဲ့ရပြီး မကြာခင်မှာတော့ ကလပ်စံချိန်တင်ကြေး ပေါင် သန်း ၄၀ ဖြင့် ချိတ်ဆက်တော့မှာ ဖြစ်ပါတယ်။

ကိုင်ဆီဒိုကို ခေါ်ယူရေးအတွက် လီဗာပူးဘက်က အခုချိန်ထိ စျေးကွက်ထဲ မဝင်သေးပေမယ့် ဘရိုက်တန်ဘက်က ပေါင် သန်း ၇၀ တောင်းဆိုဖို့ စျေးသတ်မှတ်လိုက်ပါပြီ။

ကာဗာရိုအတွက် ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်းရဲ့ ဒုတိယမြောက် ကမ်းလှမ်းမှုမှာတော့ လီဗာပူးဘက်က အလိုရှိရင် ပြန်လည် ဝယ်ယူခွင့်ဆိုတဲ့ အချက်ကို ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

ကုန်ခဲ့တဲ့ ၃ လအတွင်း လီဗာပူးအသင်းပြသခဲ့တဲ့ တည်ငြိမ်စွာ စွမ်းဆောင်နိုင်မှုအတွက် သူသဘောကျ ကျေနပ်မိကြောင်း ဗန်ဒိုက်က ထုတ်ပြောခဲ့ပါတယ်။

အယ်လစ္စတာကို ခေါ်ယူပြီးရင် လီဗာပူးအသင်းဟာ ဆယ်တာဗီဂို ကွင်းလယ်လူ ဗီဂါကို ခေါ်ယူဖို့ စဉ်းစားဖွယ်ရှိပြီး သူ့ရဲ့ စာချုပ်ပါကြေးက ပေါင် ၃၄.၄ သန်း ဖြစ်ပါတယ်။

လီဗာပူးလူစာရင်းမှာ Homegrown ကစားသမား နည်းပါးနေတာနဲ့အတူ လက်စတာကနေ ထွက်မယ့် မတ်ဒီဆန်ကို ခေါ်ယူရေး အသင်းဘက်က လုံးဝကြီး မျက်နှာလွဲမထားဘူးလို့ သိရပါတယ်။