ဂျာမနီမှာ ယှဉ်ပြိုင်မယ့် ခြေစမ်းပွဲ ၂ ပွဲကို ကြေညာလိုက်တဲ့နောက် ရာသီကြို ပွဲစဉ် ၄ ပွဲထိ အတည်ပြုလာနိုင်ပါပြီ

လီဗာပူးအသင်းဟာ ရာသီကြိုအတွက် ပလန်တွေကို အကောင်းဆုံးဖြစ်ဖို့ ပြင်ဆင်နေပြီး ဂျာမနီမှာ ခြေစမ်းပွဲ ၂ ပွဲ ကစားမယ့် ကိစ္စကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဇူလိုင်လ ၈ ရက်နေ့ အက်ဆာလေ့ကျင့်ရေးစင်တာမှာ ရာသီကြို လူစုမှု စတင်မယ့် လီဗာပူးအသင်း တစ်ပတ်အကြာမှာ ဂျာမနီကို ထွက်ခွာပါမယ်။ Black Forest ဒေသမှာ လေ့ကျင့်မှု ပြုလုပ်ဖို့ စီစဉ်ထားပြီး အဲ့မှာပဲ ခြေစမ်းပွဲတွေ ကစားမှာ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့မှာ ဘွန်ဒက်လီဂါ-၂ ကလပ် Karlsruher SC အသင်းနဲ့ မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ ခြေစမ်းပွဲ ကစားပါမယ်။ ဇူလိုင်လ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ၅ နာရီခွဲမှာ ဘွန်ဒက်လီဂါ-၂ ကလပ် SpVgg Greuther Furth နဲ့ ကွင်းပိတ်ပွဲ ကစားမှာ ဖြစ်ပါတယ်။

အဆိုပါ ခြေစမ်းပွဲတွေအပြီး တစ်ပတ်အကြာမှာ အာရှကို ခရီးထွက်လာဖို့ရှိကာ ဇူလိုင်လ ၃၀ ရက်နေ့မှာ လက်စတာအသင်း၊ ဩဂုတ်လ ၂ ရက်နေ့မှာ ဘိုင်ယန်မြူးနစ် အသင်းတို့နဲ့ စင်္ကာပူမှာ ခြေစမ်းပွဲ ကစားဖို့ ရှိပါတယ်။

အဲ့နောက်မှာတော့ အင်္ဂလန်ကို ပြန်သွားပြီး ပြည်တွင်းကလပ် တစ်သင်းနဲ့ ခြေစမ်းပွဲ ကစားသွားမှာဖြစ်ပါတယ်။ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးကတော့ ဩဂုတ်လ ၁၂-၁၃ ရက်နေ့တွေမှာ စတင်သွားမှာဖြစ်ပါတယ်။

လက်တလောမှာတော့ လီဗာပူးအသင်းဟာ ရာသီကြို မတိုင်ခင် ကစားသမား ခေါ်ယူမှု ကိစ္စတွေ လုပ်ဆောင်နိုင်ရေး စီစဉ်နေပြီပဲ ဖြစ်ပါတယ်။