လီဗာပူး ကစားသမားဘဝ မက်အယ်လစ္စတာရဲ့ ပထမဆုံး အင်တာဗျူးကို LFCThaDin ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။
LFC. မင်္ဂလာပါ အက်လက်ဆစ်ရေ.. လီဗာပူးဘောလုံးအသင်းက ကြိုဆိုလိုက်ပါတယ်။ ဘယ်လိုခံစားနေရလဲဗျာ?
ကျေးဇူးပါဗျာ။ သိပ်ကောင်းတယ် ခံစားနေရပါတယ်။ အိပ်မက်တွေ တကယ်ဖြစ်လာတာပေါ့။ လီဗာပူးကို ပြောင်းလာရတာ သိပ်ကောင်းပါတယ်။ စတင်ဖို့အတွက် မစောင့်နိုင်အောင်ပါပဲ။
LFC. နွေအစောပိုင်းမှာတင် အပြောင်းအရွှေ့ကိစ္စ အပြီးသတ်နိုင်ခြင်းကို ဘယ်လိုများ ခံစားနေရလဲ?
ဟုတ်ပါတယ် ကျနော်အတွက်ကော ကလပ်အတွက်ပါ ဒါက ကောင်းပါတယ်။ ရာသီကြို ပထမရက်တည်းက အသင်းနဲ့အတူ ပူးပေါင်းလိုပါတယ်။ အခုလို ကိစ္စတွေ အားလုံး ပြီးသွားတာက ကောင်းတာပေါ့။ အသင်းဖော်တွေနဲ့ တွေ့ရဖို့ကို စောင့်မျှော်နေပါပြီ။
LFC. ပြီးခဲ့တဲ့ ရက်ပိုင်းက ဘယ်လိုမျိုးလဲ? မင်းရဲ့ မိသားစုနဲ့ မိတ်ဆွေတွေတော့ အတော်လေး ရင်ခုန်နေမှာပေါ့…
သေချာတာပေါ့။ ဆုတောင်းမက်ဆေ့တွေ အများကြီးရခဲ့တယ်။ တွစ်တာနဲ့ လူမှုကွန်ယက်တွေကနေ ဆုတောင်းစကားတွေ ရတာပေါ့။ ဒါပေမယ့် ကျနော် တိတ်တိတ်လေးနေခဲ့ပြီး ဒီအခိုက်အတန့်ကို စောင့်နေခဲ့ပါတယ်။
LFC. သိပ်ကောင်းတဲ့ ၁၂ လကို ပိုင်ဆိုင်ခဲ့တယ်နော်။ ဘရိုက်တန်မှာ ကောင်းခဲ့သလို အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလား အနိုင်ရခဲ့တယ်။ အခု လီဗာပူးကို ရောက်လာခဲ့ပြီလေ။
ခင်ဗျား ပြောသလိုပါပဲ။ ကျနော်အတွက် သိပ်ကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားနဲ့ ဘရိုက်တန်မှာ ကျနော် အောင်မြင်ခဲ့တာတွေအတွက်ပေါ့။ ဒါပေမယ့် အခုချိန်မှာ လီဗာပူးအတွက်ပဲ စဉ်းစားဖို့ အချိန်ကျလာပါပြီ။ နေ့ရက်တိုင်းမှာ ပိုကောင်းတဲ့ ကစားသမား၊ ပိုကောင်းတဲ့ လူသားတစ်ယောက် ဖြစ်လာဖို့ပေါ့။
LFC. လီဗာပူးကို ပြောင်းလာရတာက ခင်ဗျားကစားသမားဘဝ နောက်တစ်ဆင့်ထံ တက်လှမ်းခြင်းလို့ ဘာကြောင့် ခံစားမိနေတာလဲ?
ဘာလို့လဲဆိုတော့ လီဗာပူးက အသင်းကြီး တစ်သင်းဖြစ်နေလို့ပါ။ ဒီကိုရောက်ကတည်းက လီဗာပူးက ဘယ်လောက်ကြီးမားတဲ့ အသင်းလဲဆိုတာကို ကျနော် မြင်နေသာပဲ။ ကျနော်တို့မှာ ကစားသမားကောင်းတွေ၊ ဝန်ထမ်းကောင်းတွေ အစစအရာရာ ရှိထားပါတယ်။ ဒီကလပ်အတွက် ကစားပေးရမှာကို ကျေနပ်စွာ စောင့်မျှော်နေပါတယ်။
LFC. ပြိုင်ဘက် ကစားသမားအဖြစ် အန်ဖီးမှာ ၂ ကြိမ် လာကစားခဲ့တယ်နော်။ နောက်တစ်ကြိမ်ကျရင် လီဗာပူးကစားသမား ဖြစ်နေမှာပါ။ အဲ့အခိုက်အတန့်ကို စိတ်လှုပ်ရှားနေမလား?
အန်ဖီးမှာ အမှတ်တရကောင်းတွေ ရှိခဲ့တယ်လို့ ပြောပါမယ်။ နောက်လာမယ့် ပွဲတွေကတော့ ပိုကောင်းလာဖို့ မျှော်လင့်ပါတယ်။ ဘိုကာဂျူနီယာအတွက် ကျနော် ကစားပေးခဲ့စဉ်တည်းက လီဗာပူးမှာ ပရိသတ်တွေက တပွဲလုံးကို အားပေးကြတယ်လို့ ထင်ပါတယ်။ ပရိသတ်တွေရှေ့ ကစားပြီး ကျနော် ဘာဆိုတာကို ပြသဖို့ စောင့်မျှော်နေမိပါတယ်။
LFC. ခင်ဗျားက ကစားသမားအများကြီးက အမှတ်တရကောင်းတွေ ပိုင်ဆိုင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ရွေးချယ် ဝတ်ဆင်ခဲ့တယ်နော်။ ပြီးခဲ့တဲ့ ကလပ်တွေမှာလည်း ဒီနံပါတ်ကို ဝတ်ဆင်ခဲ့တယ်။ ဒီတော့ နံပါတ် ၁၀ က ခင်ဗျားအတွက် အဓိပ္ပာယ်တွေ အများကြီး ရှိနေမလား?
အဲ့လို မဟုတ်ပါဘူး။ နံပါတ် ၁၀ က ဘောလုံးမှာ ဘယ်လောက်အရေးကြီးတယ် ဆိုတာ ကျနော် သိပါတယ်။ လီဗာပူးအသင်းမှာ စတီဗင်ဂျရတ် ဝတ်ဆင်ခဲ့တဲ့ နံပါတ်ကြီး ဖြစ်တဲ့ ကျောနံပါတ် ၈ ကို ဝတ်ဆင်ဖို့ ကျနော် အခွင့်အရေး ရခဲ့ပါတယ်။ ဒါပေမယ့် အာဂျင်တီးနား၊ ဘရိုက်တန်နဲ့ ယူ-၂၃ အဆင့် လက်ရွေးစင်အသင်းတွေမှာ ဝတ်ဆင်ခဲ့တဲ့ နံပါတ် ၁၀ ကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီနံပါတ်ကို တကယ်ကြိုက်လို့ ရွေးချယ်ဖြစ်ခဲ့တာပါ။
LFC. လက်မှတ်ထိုးပြီးတဲ့နောက် ယာဂင်ကလော့ပ်နဲ့ စကားပြောခွင့်ရခဲ့လား? ဒီကို ပြောင်းလာဖို့ သူက ဘယ်လောက်ကြီးမားတဲ့ အတိုင်းအတာအဖြစ် ပါဝင်ခဲ့လဲ?
ယာဂင်နဲ့ စကားပြောဖို့ အခွင့်အရေး ရှိပါတယ်။ သူက သိပ်ကောင်းတဲ့သူပါ။ ကစားသမားတွေ သူ့ကို ဘယ်လောက်လေးစားလဲ မြင်ကြမှာပါ။ သူက ကမ္ဘာ့အကောင်းဆုံး မန်နေဂျာတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူနဲ့ အလုပ်တွဲလုပ်လိုနေပါပြီ။
LFC. ခင်ဗျားဘဝမှာ ကိစ္စကြီးတွေ အောင်မြင်ထားခဲ့ပြီ ဒါပေမယ့် ဒီကလပ်က ဆက်ပြီး တိုးတက်လာဖို့ ကြီးထွားလာဖို့ အခွင့်အရေးပေးမယ် ထင်မိလား?
ဟုတ်ပါတယ်။ အဲ့လိုပဲ တွေးမိပါတယ်။ ကမ္ဘာ့ဖလား အနိုင်ရပြီးတဲ့နောက် ဆုဖလားတွေကို အောင်မြင်လိုတယ်လို့ ကျနော် ပြောခဲ့တယ်။ လီဗာပူးက ဒီလို ဆုဖလားတွေ အောင်မြင်ဖို့ ကျနော်ကို အများကြီး ကူညီပါလိမ့်မယ်။ ဆုဖလား အောင်မြင်ဖို့ ရည်မှန်းထားပြီး လီဗာပူးလို အသင်းကို ရောက်လာပြီဆိုရင် ဆုဖလားတွေ အောင်မြင်ဖို့ လိုပါတယ်။
LFC. ကွင်းလယ် ဘယ်နေရာက ကစားနိုင်တယ်၊ ဘယ်လို စကေးကို ခင်ဗျား ကျွမ်းကျင် ပိုင်နိုင်တယ် ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးနိုင်မလား?
ကျနော်က နေရာတိုင်းမှာ ကစားခဲ့ပါတယ်။ ကျနော်နဲ့ အလုပ်တွဲလုပ်ရတဲ့ မန်နေဂျာတွေက ကျနော် နေရာတိုင်းမှာ ကစားနိုင်တာကို သိကြပါတယ်။ ကစားသမားအနေနဲ့ ကျနော်က ဖြစ်နိုင်သလောက် ရိုးရိုးရှင်းရှင်းပဲ ကစားပါတယ်။ တိုက်စစ်ကော ခံစစ်မှာပါ အသင်းဖော်တွေကို ကူညီနိုင်အောင် ကြိုးစားပါတယ်။ ဒါက အရေးကြီးဆုံးပဲလေ။ ကျနော်က အသင်းလိုက် ကစားသမားပါ။ အသင်းအတွက် ဒါတွေကို ကျနော် လုပ်ပေးမှာပါ။
LFC. ပရီးမီးယားလိဂ်မှာ ၃ နှစ်ခွဲ ရှိလာခဲ့တာက လီဗာပူးမှာ အထိုင်ကျဖို့ အတွေ့အကြုံတွေ ရှိနေစေမှာလား?
သိပ်သေချာတာပေါ့။ ဘရိုက်တန်မှာ ကစားရတဲ့ ပထမဆုံးနှစ်က ခက်ခဲပါတယ်။ ဘာသာစကား၊ ယဉ်ကျေးမှုတွေအရပေါ့။ အချိန်ယူခဲ့ရပေမယ့် အခုချိန်မှာ အားလုံးက အဆင်ပြေနေပြီး လီဗာပူးမှာတော့ အဲ့က အတွေ့အကြုံတွေကို အသုံးချနိုင်မှာပါ။
LFC. လီဗာပူးမှာ ဘာတွေကို မျှော်လင့်ထားလဲ?
ဆုဖလားအောင်မြင်ဖို့ပေါ့။ ဒါက ရည်မှန်းချက်ပါပဲ။ ကစားသမားတိုင်းက ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ကို အောင်မြင်လိုကြပါတယ်။ ဒါပေမယ့် အသင်း ဆုဖလားတိုင်းကို အောင်မြင်ဖို့ ကျနော်ကတော့ အကောင်းဆုံး ကြိုးစားသွားမှာပါ။
LFC. နောက်ဆုံးအနေနဲ့ ဒီအင်တာဗျူးကို ကြည့်နေမယ့် ဒါမှမဟုတ် ဖတ်နေမယ့် လီဗာပူးပရိသတ်တွေကို ဘာမက်ဆေ့ ပေးလိုပါလဲ?
ဒီအသင်းဟာ ဆုဖလားတွေ အောင်မြင်ဖို့နဲ့ ပရိသတ်တွေ ပျော်ရွှင်ဖို့ အစွမ်းကုန် ကြိုးစားမှာပါ။ ဒါက အရေးကြီးဆိုလည်း ဟုတ်ပါတယ်။ ကျနော်ကို ပရိသတ်တွေ အားပေးကြမယ်၊ အသင်းကို အားပေးကြမယ်လို့ ကျနော် မျှော်လင့်သလို ယုံလည်း ယုံကြည်ပါတယ်။ ဒီအသင်းကို ပြောင်းလာရတာကို ပျော်ရွှင်ပါတယ်။ နေ့တိုင်း အကောင်းဆုံး ကြိုးစားပါမယ်။