

မန်စီးတီး တိုက်စစ်မှုး ဟာလန်းကတော့ ဒီရာသီ သူ့အတွက် အခက်ခဲဆုံး ပြိုင်ဘက်က ဘယ်သူလဲ ဆိုတာ BT Sport နဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုလာပါတယ်။
” ဒီရာသီ ကျနော့်ရဲ့ အခက်ခဲဆုံး ပြိုင်ဘက်? အခက်ခဲဆုံးကို ပြောရမယ် ဆိုရင် .. ကျနော်တို့ အန်းဖီးမှာ ရုန်းကန်ခဲ့ရတာကို မှတ်မိနေတယ်။
အခက်ခဲဆုံး ပြိုင်ဘက်က ဗာဂျေး ဗန်ဒိုက်ပါပဲ။ ကျနော် အမြဲတမ်းလည်း ပြောပါတယ်။ သူက တော်တော်ကို ကောင်းတဲ့ ကစားသမားပါ။ ဒါပေမယ့် ကျနော့် အတွက်လည်း ကောင်းတာ တခုက ထရိန်နင်မှာ ရူဘန် ဒီယက်စ၊ အကန်ဂျီနဲ့ အကီ တို့ကို နေ့တိုင်း ရင်ဆိုင်နေရတာပဲ။
စီးတီး ထရိန်နင်က လွယ်ကူတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဗန်ဒိုက်ကတော့ဗျာ..။ ကျနော် သူ့ ကို အတော်လည်း သဘောကျပါတယ်။ သူက ပါးနပ်တယ်၊ လျင်မြန်တယ်။ လေထဲမှာလည်း ကောင်းတယ်။ မယုံနိုင်စရာ ကောင်းလောက် အောင်ကို တော်နေတာပါ။ ” လို့ ဟာလန်းက ဗန်ဒိုက်အား ချီးကျူးသွားခဲ့ပါတယ်။
ဟာလန်းက ဒီရာသီ လီဗာပူးအသင်းနဲ့ တစ်ကြိမ် ရင်ဆိုင်ခဲ့ရာမှာ လီဗာပူးအသင်းက ၁-၀ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
နော်ဝေသား တိုက်စစ်မှုးဟာ ဒီရာသီ မန်စီးတီးမှာ ပြိုင်ပွဲစုံ ၅၂ ပွဲ ကစား ၅၂ ဂိုး သွင်းယူထားတာ ဖြစ်ပေမယ့် ဗန်ဒိုက်နဲ့ အတွေ့မှာ ဂိုးသွင်းယူဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဗန်ဒိုက်ကလည်း ဒီရာသီ အကောင်းဆုံး အနေအထားမှာ ရှိမနေပေမယ့် ပွဲကြီးတွေမှာတော့ သေချာ အားထုတ် ကစားနေခဲ့တာပါ။