

မနှစ်ကနွေမှာ လီဗာပူးကနေ ထွက်ခွာသွားတဲ့ ကစားသမားတွေထဲက အချို့က တောက်ပခဲ့ပြီး အချို့ကတော့ ရုန်းကန်ရမှုတွေ ရှိခဲ့ပါတယ်။ အသင်းသစ်တွေမှ သူတို့ရဲ့ အခြေအနေတွေကို LFCThaDin ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။
နီကိုး ဝီလီယမ် – နော်တင်ဟမ် ဖောရက်
- ကစားရသည့်ပွဲ – ၃၆ ပွဲ
- သွင်းဂိုး – ၁ ဂိုး
- ဂိုးထောက်ပံ့မှု – ၁ ကြိမ်
မနှစ်ကနွေမှာ နော်တင်ဟမ် ဖောရက်စ်ကို ပေါင် ၁၇ သန်းဖြင့် ပြောင်းရွှေ့ခဲ့တဲ့ ညာအစွန်လူ နီကိုးဟာ ကောင်းမွန်တဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ခဲ့ပါတယ်။ ထရန့်ရဲ့ ပွဲထွက်နေရာကို လုယူနိုင်ခြင်း မရှိတဲ့ အသက် ၂၂ နှစ်အရွယ် ဝေးလ်ကစားသမားဟာ နောက်ရာသီ ပရီးမီးယားလိဂ်မှာ ဆက်ကစားရဦးမှာပါ။
ဆာဒီယို မာနေး – ဘိုင်ယန်မြူးနစ်
- ကစားရသည့်ပွဲ – ၃၈ ပွဲ
- သွင်းဂိုး – ၁၂ ဂိုး
- ဂိုးထောက်ပံ့မှု – ၆ ကြိမ်
ဂျာမနီလိဂ်မှာ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒက်လီဂါဖလား အောင်မြင်ခဲ့တဲ့ မာနေးဟာ မနှစ်ကနွေမှာ ပေါင် ၃၅.၁ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့တာပါ။ နယ်မြေသစ်မှာ တာထွက်ကောင်းခဲ့ပေမယ့် နောက်ပိုင်း ဒဏ်ရာပြဿနာတွေကြောင့်ကော နည်းပြ အပြောင်းအလဲတွေကြောင့်ပါ ရုန်းကန်ရမှုတွေ ပြင်းထန်ခဲ့ပါတယ်။
ဒီနွေမှာတော့ မာနေးဟာ ဘိုင်ယန်ကနေ ထွက်ခွာဖွယ် ရှိနေပြီး ပရီးမီးယားလိဂ်ကို ပြန်ရောက်လာနိုင်တယ်လို့ သိထားရပါတယ်။
မီနာမီနို – မိုနာကို
- ကစားရသည့်ပွဲ – ၂၅ ပွဲ
- သွင်းဂိုး – ၁ ဂိုး
- ဂိုးထောက်ပံ့မှု – ၄ ကြိမ်
မီနာမီနိုကလည်း ပြင်သစ်မှာ စိတ်ပျက်စရာ ဘောလုံးရာသီကို ရင်ဆိုင်ထားရပါတယ်။ သူဟာ မိုနာကိုအတွက် ၁၄ ပွဲမှာပဲ ပွဲထွက်လူစာရင်းကနေ ပါဝင်ထားတာပါ။ လီဗာပူးက ပေါင် ၁၅.၅ သန်းဖြင့် ရောင်းထုတ်ခဲ့တဲ့ ဂျပန်လက်ရွေးစင်ဟာ လာမယ့်ရာသီမှာ တောက်ပတဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။
အိုရီဂီ – အေစီမီလန်
- ကစားရသည့်ပွဲ – ၃၆ ပွဲ
- သွင်းဂိုး – ၂ ဂိုး
- ဂိုးထောက်ပံ့မှု – ၁ ကြိမ်
လီဗာပူးအသင်းရဲ့ ဂန္တဝင်တစ်ယောက်အဖြစ် အမြဲရှိနေမယ့် အိုရီဂီဟာ အေစီမှာတော့ တူညီတဲ့ အခြေအနေမျိုး မရနိုင်ပါဘူး။ လာဘ်ကောင်လေးအဖြစ် တင်စားခံရတဲ့ အိုရီဂီဟာ အေစီမီလန်မှာတော့ ၂၆ ပွဲထိ အရန်ခုံကနေ လူစားဝင်ခွင့် ရခဲ့ပေမယ့် သက်ရောက်မှုရှိစွာ လုပ်ပြနိုင်ခြင်း မရှိပါဘူး။
လူးဝစ် ကားရီးယက်စ် – နယူးကာဆယ်
- ကစားရသည့်ပွဲ – ၁ ပွဲ
- ဂိုးမပေးရတဲ့ပွဲ – ၀
- ဂိုးခွင့်ပြုရမှု – ၂ ဂိုး
လီဗာပူးကနေ အလွတ်ဖြင့် ထွက်ခွာသွားတဲ့ ကားရီးယက်စ်ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရတဲ့ ကာရာဘောင်း ဖိုင်နယ်ကို ပွဲထွက်ခွင့်ရခဲ့ပေမယ့် အရေးနိမ့်ခဲ့ပါတယ်။
ဘန်ဒေးဗစ် – ရိန်းဂျား
- ကစားရသည့်ပွဲ – ၃၈ ပွဲ
- သွင်းဂိုး – ၀
- ဂိုးထောက်ပံ့မှု – ၁ ကြိမ်
ပေါင် ၄ သန်းဖြင့် လီဗာပူးကနေ ရိန်းဂျားကို ပြောင်းသွားခဲ့တဲ့ ဘမ်ဒေးဗစ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပြိုင်ဘက်အဖြစ် အန်ဖီးကွင်းထံ ပြန်ရောက်လာပါသေးတယ်။ နှစ်ကျော့လုံးမှာပါ ပွဲထွက်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။ သူဟာ ရိန်းဂျားမှာတော့ ပုံမှန်နီးပါး ပွဲထွက်ခွင့်တွေ ရခဲ့ပါတယ်။
ဘမ်ဝုဒ်ဘမ်း – ပရီစတန်
- ကစားရသည့်ပွဲ – ၄၂ ပွဲ
- သွင်းဂိုး – ၂ ဂိုး
- ဂိုးထောက်ပံ့မှု – ၃ ကြိမ်
လီဗာပူးသမိုင်းမှာ အသက်အငယ်ဆုံး ဂိုးသွင်းရှင်လေးဟာ ချန်ပီယံရှစ်ကလပ်အတွက် အရေးပါတဲ့ အသင်းသားတစ်ဦး ဖြစ်လာနေပါပြီ။ အသက် ၂၃ နှစ်ပဲ ရှိသေးတာနဲ့အတူ သူဟာ အနာဂတ်မှာ ပရီးမီးယားလိဂ်ထံ ရောက်ရှိလာနိုင်သူ တစ်ဦးပဲ ဖြစ်ပါတယ်။
အိုဂျို – ကားဒစ်
- ကစားရသည့်ပွဲ – ၃၉ ပွဲ
- သွင်းဂိုး – ၂ ဂိုး
- ဂိုးထောက်ပံ့မှု – ၀
လီဗာပူးကနေ ထွက်ခွာသွားတဲ့ အိုဂျိုဟာ ချန်ပီယံရှစ်မှာ ကျင်လည်နေခဲ့ပြီး သူကစားနေတဲ့ ဝေးကလပ်ဟာ အမှတ်ပေးဇယား အဆင့် ၂၁ နေရာနဲ့အတူ ကံကောင်းစွာပဲ တန်းဆင်းရမယ့် အန္တရာယ်ကနေ ကင်းလွတ်ခဲ့ပြီ ဖြစ်ပါတယ်။