ကွင်းလယ်လူသစ် ၂ ဦးနဲ့ ဗဟိုခံစစ်မှူးသစ် ၁ ဦး ခေါ်ယူရေး ကြိုးစားနေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ လာမယ့်ရာသီအတွက် ပထမဆုံး ခေါ်ယူမှုအဖြစ် မက်ကယ်လစ္စတာကို လက်မှတ်ထိုးထားခဲ့ပြီ ဖြစ်ပေမယ့် နောက်ထပ်သော လူသစ်တွေကိုတော့ ခပ်မြန်မြန် ခေါ်ယူနိုင်ဖွယ် မရှိသေးပါဘူး။

မေလကတည်းကပဲ ကလော့ပ်က ” ကိစ္စတွေက ကိုယ်မျှော်လင့်ထားသလို အမြန်ဆုံးဖြစ်လာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်တာတင် မဟုတ်ပါဘူး၊ ဖြစ်မလာနိုင်သလောက် ရှိနေတာပါ။

ကစားသမားကောင်းတွေကို လိုချင်တဲ့အခါမှာ အခြားသော ကလပ်တွေကလည်း သူတို့ရဲ့ ကစားသမားကို ထွက်ခွင့်ပေးလိုစိတ် ပိုနည်းပါတယ်။ ကစားသမားကောင်း တစ်ယောက်ကို အမြန် ခေါ်နိုင်တာဖြစ်သလို ၆-၇ ပတ်လောက် စောင့်ခေါ်ရမှာလည်း ဖြစ်လာနိုင်ပါတယ် ” လို့ ကြိုတင် သတိပေးထားတာပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာ ကွင်းလယ်ကိုပဲ အဓိက အားဖြည့်မှာဖြစ်ပြီး တိုက်စစ်မှူးသစ် ခေါ်ယူဖို့ မရှိပါဘူး။ ကလယ်ဟာနဲ့ အတ်ဒရီယန်ကို ဆက်ထိန်းကာ ဂိုးသမားနေရာ အားဖြည့်ခြင်း မလုပ်သေးဖို့ ဆုံးဖြတ်ထားပေမယ့် ဗဟိုခံစစ်မှူးသစ်တော့ ခေါ်ယူမှာပါ။

ကလော့ပ် အလိုရှိနေတဲ့ ခံစစ်သမားဟာ ညာခြမ်း အစွန်လူ မဟုတ်သလို ဘယ်ခြမ်း အစွန်လူလည်း မဟုတ်ဘဲ ဘယ်ခြေသန် ခံစစ်မှူးဖြစ်တယ်လို့ သိထားရတယ်။ ဒါဟာ လာမယ့်ရာသီမှာ ဗန်ဒိုက်၊ ကိုနတေးတို့နဲ့အတူ တွဲဘက်ကစားမယ့် ၃ ယောက်တန်း ခံစစ်အတွက် ပြင်ဆင်နေတာလား စောင့်ကြည့်ဖွယ် ဖြစ်လာပါတယ်။

သတင်းထောက် ရိုမန်နိုကတော့ ” မက်ကယ်လစ္စတာကို လက်မှတ်ထိုးအပြီး လီဗာပူးအသင်းက နောက်ထပ် ကွင်းလယ်လူသစ် ၂ ဦး ခေါ်ယူဖို့ကို ကြိုးစားနေပါတယ်။ ဒါ့အပြင် ဒီနွေမှာ ခံစစ်မှူးသစ် တစ်ဦး ခေါ်ယူဖို့လည်း လီဗာပူးက ရည်ရွယ်ထားပါတယ်။

ကလော့ပ်နဲ့ ဒါရိုက်တာသစ် ရှမတ်ကီတို့က ခံစစ်မှူးသစ် ခေါ်ယူရေး ချိတ်ဆက်မှုတွေအတွက် နောက်ကွယ်မှာ ကြိုးစားနေကြတယ်။ ဘယ်ခြေသန် ခံစစ်မှူး ခေါ်ယူဖို့က ဦးစားပေး ဖြစ်ပါတယ် ” လို့ ဖော်ပြလာခဲ့ပါတယ်။

စနစ်သစ်မှာ ရိုဘိုဟာ တိုက်စစ်ထံ လိုက်ပါဖို့ ကန့်သတ်ခံရမှုတွေ ရှိလာတာနဲ့အတူ လာမယ့်ရာသီ သူ့နေရာဟာ ပုံမှန်ပွဲကစားခွင့်အတွက် စိန်ခေါ်မှု ဖြစ်လာတော့မှာလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။