အနာဂတ်မှာ ဘယ်တောင်ပံ ပြန်ကစားမလား အထောင်တိုက်စစ်မှာ ဆက်ကစားမလား ထုတ်ပြောလာတဲ့ ဂတ်ပို

ဇန်နဝါရီမှာ ပီအက်စ်ဗီကနေ လီဗာပူးအသင်းကို ပေါင် ၃၇ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ဂက်ပိုက သူ့ရဲ့ စိတ်ကြိုက်ဖြစ်လာတဲ့ တိုက်စစ်နေရာအကြောင်း ထုတ်ပြောလာပါတယ်။

နေးရှင်းလိဂ် ဆီမီးဖိုင်နယ်မှာ ခရိုအေးရှားနဲ့ ထိပ်တိုက်တွေ့မယ့်ပွဲမှာ ဂက်ပိုဟာ ဒီပေးအစား နယ်သာလန်အသင်း တိုက်စစ်ကို ဦးဆောင်ရမှာပါ။ ပွဲကြိုမှာ ဂက်ပိုက “ လီဗာပူးအသင်းမှာ တိုက်စစ်မှူးနေရာ ကစားနေပြီး အဲ့နေရာက အဆင်ပြေတယ်လို့ ထင်ပါတယ် ” လို့ ပြောပါတယ်။

“ ကျနော်က တိုက်စစ်မှူး နေရာနဲ့ ပိုသင့်လျော်တယ်လို့ အကြံပေးခံရမှုတွေ ရှိပါတယ်။ ဂူဟစ်ဒင့်က ပထမဆုံးပါ။ ပီအက်စ်ဗီမှာတုန်းက သူကပဲ ” မင်းက အထောင်တိုက်စစ်သမား ဒါမှမဟုတ် false 9 ကစားရမှာ ” လို့ ပြောခဲ့တယ်။ အဲ့တုန်းက ကျနော် မယုံကြည်ခဲ့ပါဘူး။

အဲ့နောက် ရော်ဂျာရှမစ်ကလည်း ပီအက်စ်ဗီနည်းပြဖြစ်လာတော့ ဒီလိုပဲ ထပ်ပြီး ပြောခဲ့တယ်။ ကျနော်ကတော့ ဘယ်ခြမ်းမှာ အဆင်ပြေနေတော့ ပိုပြီး ခေါင်းမာမာ ငြင်းခဲ့တာပေါ့။

ဒါပေမယ့် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာတုန်းက အထောင်တိုက်စစ်နေရာမှာ ကျနော်ပိုပြီး အဆင်ပြေလာတယ်။ ကုန်ခဲ့တဲ့ ၆ လအတွင်း လီဗာပူးအသင်းမှာတော့ အထောင်တိုက်စစ်မှူးအဖြစ် အမြဲတမ်း ကစားရပါတယ်။ အဲ့မှာ ပိုအဆင်ပြေလာပါတယ်။

လာမယ့် အနာဂတ်မှာ အထောင်တိုက်စစ်သမားအဖြစ် ကျနော် ပိုပြီး ကောင်းလာမယ်လို့ စိတ်လှုပ်ရှားနေမိတယ်။ ကလပ်အတွက်ကော၊ လက်ရွေးစင်အတွက်ကောပေါ့ ” လို့ ဂက်ပိုက ဆက်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန်လိဂ်ကနေ ပြောင်းလာချိန် ကလော့ပ်က ဂက်ပိုကို ဘယ်ခြမ်းမှာထက် အထောင်တိုက်စစ်နေရာမှာ သုံးဖို့ကို ရွေးချယ်ခဲ့ပါတယ်။ ဂက်ပို ကိုယ်တိုင်ကလည်း ရုန်းကန်ခဲ့ရသလို ဘယ်တောင်ပံသမားကို အထောင်တိုက်စစ်မှာ သုံးတာက အဝိုင်းခွက်ထဲ လေးထောင့်တုံး ထည့်သလိုပဲလို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့်လို့ အသားကျလာတဲ့နောက် နေရာသစ်မှာ ပျော်ရွှင်နေပြီဖြစ်ကြောင်း ဂက်ပိုက ဝန်ခံခဲ့ပါတယ်။ သူဟာ လီဗာပူးတိုက်စစ်ကို ဦးဆောင်ပြီး ၂၁ ပွဲကစားကာ ကိုယ်တိုင် ၇ ဂိုးသွင်း ဂိုးထောက်ပံ့မှု ၂ ကြိမ် ပြုလုပ်ထားနိုင်တာပဲ ဖြစ်ပါတယ်။