စပို့တင်း ခံစစ်မှူးရဲ့ စာချုပ်ပါကြေး တိုးမြှင့်သွားလို့ နောက်ဆုတ်လိုက်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်မှာ ခံစစ်သမား တစ်ဦး ခေါ်ယူဖို့ ပြင်ဆင်ထားကြောင်း သိလာရပြီး ကလော့ပ်ဟာ ခံစစ်မှူးသစ်ရဖို့ အားကစားဒါရိုက်တာ ရှမတ်ကီနဲ့ ဆွေးနွေးမှု ပြုလုပ်နေပါတယ်။

ရှမတ်ကီ မရောက်လာခင်တည်းက လီဗာပူးအသင်း အပြောင်းအရွှေ့ရေးရာ ကော်မတီ အဖွဲ့ဝင်တွေဟာ စပို့တင်းမှ ဂွန်ကာလို အန်နာဆီယို၊ ချယ်ဆီးကနေ ဘရိုက်တန်ကို အငှားထွက်နေတဲ့ လီဗီ ကိုးဝဲလ်၊ ဘင်ဖီကာမှ အန်တိုနီယို ဆေးဗား၊ လိုက်ဇစ်မှ ဂါဗာဒီယိုတို့ကို စောင့်ကြည့်နေကြောင်း သတင်းကြီးထားတာပါ။

ဒါပေမယ့်လို့ အခုချိန်မှာတော့ ကလပ်ရဲ့ ပစ်မှတ်တွေထဲက တစ်ဦးဖြစ်သူ စပို့တင်း ခံစစ်မှူး အန်နာဆီယိုကို ခေါ်ယူဖို့ လီဗာပူးအသင်းရဲ့ စိတ်ဝင်စားမှုက အေးစက်သွားခဲ့ပြီလို့ သိရပါတယ်။

အန်နာဆီယိုရဲ့ ကနဦး ပြောင်းရွှေ့ကြေးဟာ ယူရို ၄၅ သန်းပဲ ရှိပေမယ့်လို့ ဒီနွေစျေးကွက် မတိုင်ခင် ပေါ်တူဂီကလပ်ဘက်က တန်ကြေးကို ယူရို သန်း ၆၀ ထိ တိုးမြှင့်လိုက်တဲ့နောက် လီဗာပူးဘက်က နောက်ဆုတ်ခဲ့တာ ဖြစ်ပါတယ်။

အန်နာဆီယိုကို ခေါ်ယူရေးမှာ လီဗာပူးအသင်းရဲ့ ရေပန်းစားမှု လျော့နည်းသွားတဲ့နောက် ခံစစ်မှူးဟာ မန်ချက်စတာ ယူနိုက်တက်ထံ ရောက်သွားနိုင်ကြောင်း ပေါ်တူဂီ သတင်းဌာနတွေက ဖော်ပြလာနေပါတယ်။

လီဗာပူးဟာ အင်္ဂလန်လူငယ် ခံစစ်မှူး လီဗီကိုးဝဲလ်ကိုလည်း သဘောကျပေမယ့် သူ့ကို ခေါ်ယူရေး ဘရိုက်တန်ဘက်က ပိုမို အလေးသာနေပါတယ်။ ဘရိုက်တန်က ကလပ်စံချိန်တင်ကြေး ပေါင် သန်း ၃၀ ဖြင့် ကမ်းလှမ်းမှု လုပ်ထားခဲ့ပြီး ချယ်ဆီးကတော့ ပေါင် သန်း ၄၀ ထိ ရလိုတာကြောင့် ငြင်းဆန်ထားပါတယ်။

ကလော့ပ်ဟာ ဒီနွေမှာ ဘယ်ခြေသန် ဗဟိုခံစစ်မှူးသစ်ကို ခေါ်ယူလိုတယ်လို့ သိထားရကာ ကလပ်ဘက်က စျေးကွက်ထဲကနေ ရှာဖွေပေးနေဆဲ ဖြစ်ပါတယ်။