ဆာလာကို ပီအက်စ်ဂျီဘက်က ချိန်ရွယ်လာ၊ ဝေါ့ပရောက်စ်အတွက် အချိန်စောင့်သွားမည်၊ တူဟမ်ကို ဦးစားပေးဖွယ် ရှိခြင်းနဲ့ လီဗာပူးသတင်းတိုများ

လီဗာပူးအသင်းဟာ ကီဖရမ် တူဟမ်ကို နွေစျေးကွက်ရဲ့ ဒုတိယမြောက် ပစ်မှတ်အဖြစ် လက်မှတ်ထိုးနိုင်ရေး အားထုတ်မှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ကလပ် အကယ်ဒမီ ကြယ်ပွင့်ဟောင်း ရိုင်ယန်ကန့်ဟာ ရိန်းဂျားကနေ ဖီနာဘာချီကို အလွတ်ဖြင့် ပြောင်းရွှေ့ခဲ့ပါပြီ။ လီဗာပူးအသင်းနဲ့ ရိန်းဂျားကြား ပြန်လည်ရောင်းချမှုမှာ ရာခိုင်နှုန်း ခံစားခွင့်ဟာ အသက်မဝင်တော့တာမို့ အကျိုးအမြတ်တော့ လုံးဝ ရမှာ မဟုတ်ပါဘူး။

ဆောက်သမ်တန် အသင်းခေါင်းဆောင် ဝေါ့ပရောက်စ်နဲ့ ပတ်သက်ပြီး လီဗာပူးဘက်က အလျင်စလို ကမ်းလှမ်းမှာ မဟုတ်ဘဲ အချိန်စောင့်သွားမှာ ဖြစ်ပါတယ်။

မက်ဆီနဲ့ နေမာကို ထွက်ခွင့်ပေးပြီးရင် ပီအက်စ်ဂျီဟာ ဆာလာကို ချိတ်ဆက်နိုင်ကြောင်း သတင်းတွေ စတင် ထွက်ပေါ်နေပါတယ်။ ဆာလာကတော့ လီဗာပူးနဲ့ နောက်ရာသီအတွက်ပဲ ရည်မှန်းထားကြောင်းတွေကို ထုတ်ပြောထားပါတယ်။

လီဗာပူးအသင်းဘက်က ဆယ်တာဗီဂို ကွင်းလယ်လူ ဗီဂါရဲ့ အခြေအနေကို တီးခေါက်မှု လုပ်ထားပေမယ့် ရှေ့တိုးလာခြင်း မရှိသေးပါဘူး။ ကစားသမားကို ခေါ်ယူဖို့က အသင်းတိုင်းအတွက် လမ်းပွင့်နေဆဲဖြစ်ပြီး စာချုပ်ပါကြေး ယူရို သန်း ၄၀ ပေးရပါလိမ့်မယ်။

လီဗာပူးအသင်းမှ အကောင်းဆုံး ၄ ယောက်ကို ဆွဲထုတ်ပေးဖို့ မေးခံရချိန် ထရန့်က သူကိုယ်တိုင်ရယ် မို၊ ဗာဂျယ်၊ ဘော်ဘီတို့ကို ရွေးချယ်ခဲ့ပါတယ်။

အိုင်ဗန်တိုနေးက သူကစားသမားဘဝ အခက်ခဲဆုံး ခံစစ်မှူးတွေထဲမှာ ဝက်စ်ဘရွန်းမှ မြင့်မားတဲ့ အရပ်အမောင်းပိုင်ရှင် ဒေါ့ဆန်အပြင် တိုက်ခိုက်လိုစိတ် ပြင်းထန်တဲ့ ဇူမားနဲ့ အကောင်းဆုံးခံစစ်မှူး ဗန်ဒိုက်တို့ပါပဲလို့ ရွေးချယ်ခဲ့သလို သူဟာ လီဗာပူးပရိသတ်ပါလို့ ဖွင့်ဟခဲ့ပါတယ်။

စတီဗင်ဂျရတ်ဟာ ဆော်ဒီကလပ် Al Ettifaq အသင်း ရဲ့ မန်နေဂျာ ရာထူးကို လက်ခံသွားတော့မှာ ဖြစ်ပါတယ်။ ဒါဟာ အနာဂတ်မှာ လီဗာပူးအသင်းကို ကိုင်တွယ်ဖို့ သက်ရောက်မှု ရှိလာမလား စောင့်ကြည့်ရမှာပါ။

ချယ်ဆီးကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူရေး ယူနိုက်တက်ဘက်က စတင် ကမ်းလှမ်းပါတော့မယ်။ မန်ချက်စတာကလပ်က ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ ထိတော့ မပေးလိုပါဘူး။

လီဗာပူးအသင်းဟာ ဇွန်လမှာ အသက်ဝင်သွားတဲ့ ဂွန်ကာလို အန်နာဆီယိုရဲ့ စာချုပ်ပါကြေး ယူရို သန်း ၆၀ ကို ပေးဖို့ ဆန္ဒမရှိပါဘူး။ စပို့တင်း ခံစစ်မှူးကို အစောပိုင်းမှာ ခေါ်ယူခဲ့ရင် ယူရို ၄၅ သန်းဖြင့် ရနိုင်ခဲ့တာပါ။