တူဟမ်ကို ခေါ်နိုင်ရေး အေးဂျင့်လုပ်နေတဲ့ အီဘူး၊ ဆော်ဒီကလပ်ကို တာဝန်ယူတဲ့ ဂျရတ်၊ ညာခြမ်းမှာ နေရာလုမယ့် ဘရတ်ဒလေတို့နဲ့ လီဗာပူး နံနက်ခင် သတင်းများ

၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် နွေစျေးကွက်ဟာ ဒီကနေ့မှာ တရားဝင် ဖွင့်လှစ်ပြီ ဖြစ်ပါတယ်။

ဂျော်ဒန် ဟန်ဒါဆန်ဟာ အသင်းကနေ ထွက်ခွာသွားတဲ့ ဂျိမ်းမီလ်နာရဲ့ နေရာကို အဓိက တာဝန်ယူရမှာဖြစ်ပြီး လာမယ့်ရာသီမှာ ပွဲကစားခွင့် အကန့်အသတ်တွေ ရှိလာမှာဖြစ်ကာ အဝတ်လဲခန်း ဦးဆောင်သူ တာဝန်ကိုပဲ ပိုယူသွားရမှာပါ။

လီဗာပူးအသင်းဟာ သူ့အတွက်တော့ အာဂျင်တီးနားရဲ့ ဘိုကာဂျူနီယာပဲဖြစ်ပြီး ပရိသတ်တွေဟာ ကလပ်ရယ်၊ ကစားသမားတွေရယ်နဲ့ အနီးကပ်ဆုံး ရှိပေးကြတာချင်း တူညီတယ်လို့ ကယ်လစ္စတာက ပြောလာပါတယ်။

ကိုနတေးက သူ့ရဲ့ ပြင်သစ် အသင်းဖော် တူဟမ်ကို လီဗာပူးအသင်း လက်မှတ်ထိုး ခေါ်ယူခဲ့ရင် သိပ်ကို ပျော်ရွှင်မိမှာပါလို့ ထုတ်ပြောခဲ့ပါတယ်။ အန်ဖီးကို တူဟမ် ရောက်လာခဲ့ရင် သူ စောင့်ရှောက်ပေးမယ်လို့ ဆိုလာပြီး အပြောင်းအရွှေ့အတွက် အေးဂျင့် စလုပ်ပေးနေပါတယ်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ လီဗာပူးအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် အယ်လီဆန် ဘက်ကာက မဲအများဆုံး ရရှိသွားပါတယ်။ ဒုတိယနေရာမှာ ဆာလာဖြစ်ပြီး တတိယကတော့ ထရန့် ဖြစ်ပါတယ်။

ညာအစွန်လူ ကယ်ဗင် ရမ်ဆေးဟာ ချန်ပီယံရှစ်ကလပ် ပရီစတန်အသင်းထံ တစ်ရာသီ အငှားထွက်ကစားပြီဖြစ်ပါတယ်။

အင်တာမီလန်မှ ဘာရယ်လာ၊ ဘိုင်ယန်မြူးနစ်မှ ပါဗက်၊ စပို့တင်းမှ အန်နာဆီယိုတို့ဟာ ဒီနွေ လီဗာပူးရဲ့ အပြောင်းအရွှေ့ ပစ်မှတ်စာရင်းတွေထဲ ပါဝင်ခဲ့ပေမယ့် အသင်းဘက်က သွေးအေးသွားခဲ့ပါပြီ။

နယ်သာလန် ခံစစ်မှူး ဗန်ဒီဗန်က ပရီးမီးယားလိဂ်ထံ ပြောင်းမယ့် သတင်းတွေ ထွက်နေတာကို သူကိုယ်တိုင်လည်း သိထားပြီး အေးဂျင့်နဲ့ အမြဲတမ်း ဆက်သွယ် ပြောဆိုနေကြောင်း ထုတ်ပြောလာပေမယ့် အနာဂတ်ကတော့ အခုချိန်ထိ သေချာ မသိသေးဘူးလို့ ဆိုပါတယ်။

လီဗာပူးအသင်းဟာ လာမယ့်ရာသီ ထရန့်ရဲ့ ညာခြမ်း အစွန်နေရာကို အရန်အဖြစ် ကော်နာ ဘရတ်ဒလေဖြင့် အစားထိုးဖွယ် ရှိပါတယ်။ ဘရတ်ဒလေဟာ ဘော်တန်မှာ တစ်ရာသီ အကောင်းဆုံး ကစားသမား၊ တစ်ရာသီ လူငယ် အကောင်းဆုံး ကစားသမား၊ ကစားသမားတွေ ရွေးတဲ့ တစ်ရာသီ အကောင်းဆုံး ကစားသမား ဆု ၃ ဆုရှင်အဖြစ် တောက်ပခဲ့တာပါ။

စတီဗင်ဂျရတ်ဟာ ဆော်ဒီကလပ် Al-Ettifaq အသင်း မန်နေဂျာအဖြစ် တရားဝင် ခန့်အပ်ခံလိုက်ရပြီ ဖြစ်ပါတယ်။